အောက်တိုဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ပေါ်သို့ စစ်ကောင်စီက သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၄ ဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုး သားလွတ်မြောက်ရေး တပ်မတော်- TNLA က ယနေ့တွင် ထုတ်ပြန်ပြောသည်။
စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ သုံးရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု များ ကြောင့် သီပေါမြို့ပေါ်ရှိ အသက် ၇ နှစ် အရွယ်ကလေးငယ်အပါအဝင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား၂ ဦး တို့ သေဆုံးသွားသည်ဟု TNLA က ပြောဆိုသည်။
သီပေါမြို့နေ အမျိုးသားဒေသခံတစ်ဦးက “အခုဆိုရင် ကလေးငယ်တွေ သေဆုံးမှုတွေပါရှိလာပြီး။ တစ်လ အတွင်း မှာပဲ မကြာခဏ ကြုံတွေ့နေရတယ်။ ဆေးရုံတွေ၊ ဆိုင်ခန်းတွေ ရစရာမရှိအောင် ပျက်စီးကုန်တယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ တစ်လအတွင်း သီပေါမြို့ပေါ်ရှိ ဒေသခံများနေထိုင်သည့် နေရာများသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခြင်းကြောင့် ဒေသခံ ပြည် သူ ၂၆ ဦး သေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၄၇ လုံးပျက်စီးသွားသည်။
အလားတူ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နှင့် အနီးတဝိုက်သို့ စစ်ကောင်စီက စက်တင် ဘာလအတွင်း ၁၀ ကြိမ်နှင့်အထက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၉ ယောက် သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရန်အတွက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း EAO နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် PDF များကိုဖိတ်ခေါ် မှုများ လုပ်ဆောင်ပြီးနောက်ပိုင်း လားရှိုးမြို့ပေါ်အပါအဝင် အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲမှုများကို ဆက်တိုက်လုပ်ဆောင်လာနေကြောင်း သတင်းအချက်အလက်များအရ သိရသည်။