အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိ ကျုံထော်ရေတံခွန်တွင် ယမန်နေ့ အောက်တိုဘာလ(၁၇)ရက်၊ သီတင်းကျွတ်လပြည့်နေ့၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။
ဖားအံမြို့မှ မော်တော်ယာဥ်ခရီးဖြင့် (၂)နာရီကြာသွား၍ရောက်ရှိနိုင်ပြီး ကရင်ပြည်နယ်၏ အထင်ကရ ရေတံခွန်တစ်ခုအဖြစ် လူသိများသော ကျုံထော်ရေတံခွန်သို့ ပွင့်လင်းရာသီအစပြုသည့် သီတင်း ကျွတ်လပြည့် အားလပ်ရက်တွင် နယ်ခံအများစု လာရောက်လည်ပတ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ရေတံခွန်အနီး အထည်ဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးက “စနေ၊ တနင်္ဂနွေဆို ပုံမှန်များပါတယ်။ ဒီနေ့ကတော့ လပြည့်နေ့မို့ လူပိုများတာပေါ့။ ဒီကဆိုင်တွေက မိုးတွင်းတချက်ပဲနားရတယ်။ ဒီနေ့ လာတာကတော့ ကိုယ့်ကရင်ပြည်နယ်ထဲက လူတွေလောက်ပဲ၊ ဟိုးအဝေးကဧည့်သည်တော့ လာတာသိပ်မတွေ့ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်ထက်ဝက်ခန့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ယခုအောက်တိုဘာလအစောပိုင်းကလည်း မိုးရွာ သွန်းမှုများဆက်ရှိနေသေးသဖြင့် ရပ်ဝေးမှ အပန်းဖြေလာရောက်သည့် ဧည့်သည်နည်းပါးနေသေးခြင်းဖြစ်နိုင်ကြောင်း ကျုံထော်ရေတံခွန်ကို အမှီပြု၍အသက်မွေးဝမ်းကျောင်းနေသူများက ပြောသည်။

“မိုးကုန်ခါစဆိုတော့ ရေတွေပိုများပြီး ပိုပျော်ဖို့ကောင်းတယ်။ တခြားပြည်နယ်က ခရီးသွားတွေမများသေးတော့ ဒီလိုအချိန်သွားရင် ကိုယ့်ပြည်နယ်ကလူတွေပဲဆိုတော့ အေးဆေး ကူးလို့ရတယ်။ ဆိုင်တွေကတော့ သိပ်မဖွင့်သေးဘူးဆိုပေမယ့် ကိုယ့်ဘာသာသယ်သွားပြီး စားလို့ရတယ်လေ” ဟု အားလပ်ရက် လာရောက်အပန်းဖြေသူ ဖားအံမြို့ခံအမျိုးသမီးက ဆိုသည်။
မြိုင်ကြီးငူအထူးဒေသအတွင်းရှိသည့် ကျုံထော်ရေတံခွန်သို့ ယာဥ်လမ်းခရီးဖြင့် ဖားအံမြို့မှ ရွှေဂွန်း ကျေးရွာအထိ ၂၇ မိုင် ၄ ဖာလုံ၊ ရွှေဂွန်းမှ မြိုင်ကြီးငူအထူးဒေသ အထိ ၁၃ မိုင်၊ ထိုမှတဆင့် မြိုင်ကြီးငူမှ ကျုံထော်ရေတံခွန်သို့အရောက် ၃၄ မိုင်ခန့် အဆင့်ဆင့်မောင်းနှင်ရမည်ဖြစ်သည်။
ထို့အတူ သားသက်လွတ်နယ်မြေဖြစ်သည့်အတွက် ခရီးသွားများအနေဖြင့် အရက်သေစာနှင့် မူးယစ်ဆေးဝါးအပြင် အသား၊ ငါးများ သယ်ဆောင် စားသောက်ခြင်းမပြုရန်လည်း သတိပြုရမည်ဟု ဒေသခံတို့က ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းခရီးအစစ်အဆေးတင်းကြပ်သည့်အကြား ပွင့်လင်းရာသီရောက် သည်နှင့် ကျုံထော်ရေတံခွန်အပါအဝင် လည်ပတ်စရာပေါများသည့် ဖားအံမြို့သို့ နယ်ဝေးမှလာရောက် လည်ပတ်သူများပြားလျက်ရှိသည်။ ယမန်နေ့က သီတင်းကျွတ်ပိတ်ရက်တွင်လည်း ဖားအံမြို့ပေါ် ဟိုတယ်နှင့် တည်းခိုခန်းများတွင် တည်းခိုသူအပြည့်ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။



















