Home ဆောင်းပါး သန်းခေါင်စာရင်းတွင် လူမျိုးမေးခွန်းမပါခြင်းက ဘယ်လိုသဘောဆောင်သလဲ

သန်းခေါင်စာရင်းတွင် လူမျိုးမေးခွန်းမပါခြင်းက ဘယ်လိုသဘောဆောင်သလဲ

137
Photo: Crd.

သန်းခေါင်စာရင်းတွင် လူမျိုးမေးခွန်းမပါခြင်းက ဘယ်လိုသဘောဆောင်သလဲ

မန်သမိတ် (အောက်တိုဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်)

ပြည်တွင်း၌ ယခုလအောက်တိုဘာ ၁ ရက်နေ့တွင် စတင်ကောက်ယူနေသည့် သန်းခေါင်စာရင်းတွင် လူမျိုးနှင့် ပတ်သက်၍ တိုက်ရိုက်ထည့်သွင်းထားခြင်းမျိုးမရှိ။

ထို့အတွက် ပြည်တွင်းရှိ ကရင်လူမျိုးအချို့ မည်သည့်အတွက်ကြောင့်ဖြစ်ပြီး မည်သို့သဘောဆောင်သည်ကို မှန်းဆစိုးရိမ်မှုများရှိနေကြသည်။

လာမည့် ၂၀၂၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ဖြင့် သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ရက်မှစပြီး ၁၅ ရက်နေ့အထိကောက်ယူရန် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာနက ကြေညာထားသည်။ သန်းခေါင်စာရင်းကောက်ယူမှု မေးခွန်းပုံစံများထဲတွင် လူမျိုးဆိုသည့် နေရာ၌ ‘အိမ်တွင်အဓိက ပြောဆိုသော ဘာသာစကား’ဟု ဆိုကာ ပြောင်းလဲလိုက်သည့်အပေါ်မှာ စိုးရိမ်မှုများ ဖြစ်ပေါ်စေခြင်းဖြစ်သည်။

အထူးသဖြင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ ကရင်လူမျိုးများအတွက် ပြဿနာဖြစ်လာစေနိုင်ခြင်း ဖြစ်သည်။ ယခင် ၂၀၁၄ ခုနှစ်က ကောက်ယူထားသော သန်းခေါင်စာရင်းမှတ်တမ်းများအတွက် တိုင်းရင်းသား မျိုး နွယ်စုများ၏ လူဦးရေစာရင်းကိုအတိအကျမဖော်ပြနိုင်ခဲ့သော်လည်း မှတ်တမ်းများအရ မြစ်ဝကျွန်းပေါ်ဒေသတွင် ဗမာပြီးလျှင် ကရင်လူမျိုးက ဒုတိယအများဆုံးဟု ဆိုထားသည်။

သို့သော်လည်း လတ်တလော ကောက်ယူရန် လုပ်ဆောင်နေသည့် သန်းခေါင်စာရင်း၏ နမူနာပါ မေးခွန်း များထဲ တွင်မူ ယခင် ၂၀၁၄ ခုနှစ်က ကောက်ယူသည့် ပုံစံနှင့်မတူဘဲ လူမျိုးဆိုသည့်နေရာတွင် အိမ်တွင်အဓိက ပြောဆိုသည့်ဘာသာ စကားဟုဆိုရာ၌ မြစ်ဝကျွန်းပေါ်ဒေသရှိ ကရင်လူမျိုးအချို့မှာ မိမိဘာသာစကားကို မပြော ဆိုနိုင်ကြတော့သလို သွေးနှောမွေးဖွားလာသည့် ကရင်လူမျိုးများလည်း ပျောက်ကွယ်သွားနိုင်သည့် အလား အလာရှိသည်ကို စိုးရိမ်မှုဖြစ်ပေါ်စေသည့် အချက်တချက်ဖြစ်သည်။

“ဒါက လူမျိုးအားလုံးအတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ အနောက်ပိုးကရင်တွေက ကျနော်တို့ မြို့မှာဆို အကုန်ဗမာစကားပဲ ပြောကြတာလေ။ အဲ့လိုမေးရင် အကုန်က ဗမာစကားလို့ ဖြေမှာ။ အဲ့ကျအကုန် ဗမာဖြစ်ကုန်မှာပေါ့။ အရင်လူမျိုးအမည်ပါတာတောင် ကရင်တွေပျောက်နေတာ။ အခုဆိုမျိုးပါ ပြုတ်မယ့် သဘောပေါ့။ ဒါက ခေတ်မကောင်းတဲ့ ကာလမှာ ဘယ်သူမှ မသိလိုက်ဘဲ သူတို့ ဘာသာလုပ်တာဗျာ့” ဟု ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် လုပ်ဆောင်နေသူ တစ်ဦးက မှတ်ချက်ပြု ပြောဆိုထားခြင်းဖြစ်သည်။

စစ်တမ်းများအရ ၂၀၁၀ ခုနှစ်က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် မြို့နယ် ၂၆ မြို့နယ်ရှိသည့်အနက် ကရင်လူဦးရေမှာ ၁၆ သိန်းကျော်ရှိသည်ဟု ဖော်ပြထားသည်။ နောက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ထွက်ပေါ်လာသည့် လူဦးရေစာရင်းမှာ တစ်တိုင်းလုံးအနေဖြင့် လူဦးရေ ၆ သန်း ၇ သိန်း ရှိပြီး ကရင်လူမျိုးဦးရေမှာ ၁၁ သိန်းကျော်သာရှိသည်ဟု ကရင်အရေးလုပ်ဆောင်နေသူများက ဆိုကြသည်။

ထိုအချက်ကို ကြည့်ချင်းအားဖြင့် ကရင်လူမျိုးလူဦးရေမှာ တဖြည်းဖြည်းလျော့နည်းလာခြင်းကို တွေ့မြင်ရမှာဖြစ် ပြီး ကရင်အမျိုးသားရေးလုပ်ဆောင်နေသူများအတွက် ကရင်လူမျိုးတဖြည်းဖြည်း ပျောက်ကွယ်သွားမည့်အရေးကို တွေးပြီး စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီကနေပြီး လူမျိုးဟု ဖြေဆိုရမည့်နေရာ အစား အိမ်တွင် အဓိကပြောဆိုသောဘာသာစကား ဟု ပြောင်းလဲလိုက်သော အခြေအနေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များထံ စာတင်ပြီး မေးမြန်းရသည့်အခြေအနေထိ လုပ်ဆောင်ခဲ့ရသေးသည်။

“ဘာမှ မထူးခြားဘူး။ သူတို့က ပြင်ပေးဖို့မရှိဘူး။ အခုက လူမျိုးရဲ့လူဦးရေ ကောက်တာမဟုတ်ဘူး ပြောတယ်။ ဒါပေမဲ့ ခေတ်အဆက်ဆက် ကောက်လာတဲ့ သန်းခေါင်စာရင်းမှာက လူမျိုးပါတယ်လေ။ သူတို့ပြောတာကတော့ ပြည်သူတွေက လူမျိုးရဲ့ မျိုးနွယ်စုတွေကို ပြောတဲ့အခါမှာ မတူညီတာကြောင့် သူတို့‌စာရင်းကောက်တဲ့အခါမှာ အခက်အခဲဖြစ်တယ်ပေါ့။ အဲ့ဒါကြောင့် မထည့်တာလို့ ပြန်ပြော‌ပါတယ်” ဟု တိုင်းစာ/ယဉ်ကော်မတီဝင်တစ်ဦးက ပြောပြသည်။

ခုနှစ်သက္ကရာဇ်တွေအပေါ်အခြေခံပြီး ကရင့်သမိုင်းစာအုပ်များတွင် မြန်မာနိုင်ငံကို အစောဆုံး ဝင်ရောက် လာသူများသည် ကရင်လူမျိုးများဖြစ်သည်ဟု မှတ်တမ်းတင်ရေးသားကြသော်လည်း မြန်မာနိုင်ငံ၏ ခေတ် အဆက်ဆက် အုပ်စိုးသူအစိုးရ လက်ထက်များတွင် လူမျိုးတစ်မျိုး၏ ရသင့်ရထိုက်သော အခွင့်အရေးများ မရရှိကြဘဲ ပုံစံမျိုးစုံဖြင့် ဖိနှိပ်ဝါးမျိုခံခဲ့ကြရခြင်းကြောင့် ကရင်လူမျိုးများ၏ လူဦးရေ ပမာဏသည်လည်း တဖြည်းဖြည်းလျော့နည်းပျောက်ကွယ် လာခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် ကရင်တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မိမိလူမျိုး၊ စာပေမပပျောက်ရေး အတွက် စာပေ/ယဉ်ကျေးမှု ကော်မတီများကို ကိုယ်ထူကိုယ်ထ အသီးသီးဖွဲ့စည်းပြီးတော့ အစိုးရ ကျောင်းမဟုတ်သော နွေရာသီကျောင်းပိတ်ရက်များတွင် ကရင်စာပေသင်ကြားပေးခြင်း၊ ကရင်စကားပြော သင်ကြားပေးခြင်းမျိုးကို နှစ်စဉ် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြရသည်။

သို့သော်ငြားလည်း ခေတ်စနစ်နှင့် ပတ်ဝန်းကျင်၏ ရိုက်ခတ်ဝါးမျိုးမှုများကြောင့်ပင် ဧရာဝတီတိုင်းဒေသရှိ ကရင်ကျေးရွာအချို့များတွင် မိမိကိုယ်ကိုယ် ကရင်လူမျိုးဟု ခံယူသတ်မှတ်ကြသော်လည်း ကရင်စကား မပြောနိုင်ကြတော့သည်မှာ များစွာရှိနေသည်။

“ဥပမာ ပန်းတနော်မြို့နယ်မှာရှိတဲ့ မအူချောင်းရွာဆိုရင် နှစ်တိုင်းကရင်နှစ်သစ်ကူးနေ့ လုပ်တယ်။ ကြီးကြီး ကျယ် ကျယ်ကို လုပ်ကြတာ။ ဒါပေမဲ့ ရွာက လူတွေက ကရင်စကားလုံးလုံး မပြောတတ်ကြဘူး။ ရွာကလည်း အကြီး ကြီးပဲ။ သူတို့ကို ဗမာလို့ သွားပြောရင်တောင် မကြိုက်ကြဘူး။” ဟု ပန်းတနော်မြို့နယ်မှ ကရင်လူငယ်တစ်ဦးက ပြောပြသည်။

ယခုလို ပြောင်းလဲ လိုက်သည့် သန်းခေါင်စာရင်းအခြေအနေကိုလည်း စာပေယဉ်ကျေးမှု လှုပ်ရှားဆောင်ရွက်နေသူများက စစ်ကောင်စီ၏ အစိုးရအဖွဲ့တွင် ပါဝင်နေသည့် မန်းငြိမ်းမောင်ကဲ့သို့သော ရာထူးကြီးကြီးနေရာရထားသူများ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကဲ့သို့သော ခေါင်းဆောင်များကို အားကိုးတကြီးလိုက်လံချဉ်းကပ်တွေ့ဆုံအသိပေးအကူအညီတောင်းခြင်းမျိုးလည်း လုပ်ဆောင်ခဲ့ကြပါသေးသည်။

“ရန်ကုန်က မန်းသန်းဝင်းဦး ဖုန်းဆက်ပြောပြလာတယ်။ ကရင်အကြီးအကဲနှစ်ယောက်နဲ့ သွားညှိနှိုင်းတဲ့အခါ ကရင်အကြီးအကဲများက သူတို့ အစိုးရကို တွေ့ပြီး တင်ပြလို့မရဘဲ ဖြစ်နေတယ်။ အဖွဲ့က အကုန်ပြုလုပ်ပြီးပြီ မို့ ပြင်ဆင်လို့ မရကြောင်း ရှင်းပြပါတယ်။ မန်းသန်းဝင်းဦးကတော့ ဘာမှ မစိုးရိမ်ပါနဲ့ ဖြစ်လာဖို့ မလွယ်ပါဘူး။ အခု ဟာက အဖြစ်သဘောလုပ်တာပါ။ ရွေးကောက်ပွဲက ဧရာဝတီနဲ့ ရန်ကုန်လောက်ပဲလုပ်နိုင်မယ်လို့ ခန့်မှန်းတယ် ပြောပြပါတယ်။”ဟု ကရင်လူငယ်တစ်ဦးက ၎င်းစုံစမ်းသိရှိထားချက်ကို ပြန်လည်ပြောပြသည်။

ယခုလို စနစ်တကျနှင့် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူမှုပုံစံကိုမူ စစ်ကောင်စီ က ပြင်ဆင်သွားပေးရန်မရှိကြောင်း တုန့်ပြန်မှုကို ရရှိလိုက်ပြီးနောက် ကရင်စာပေယဉ်ကျေးမှု လှုပ်ရှား ဆောင်ရွက်နေသူများအနေဖြင့် ၎င်းတို့ကိုယ်တိုင်သာပါဝင်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးများနှင့် မဖြစ်မနေ ပူးပေါင်းလာရပါတော့သည်။

အထူးသဖြင့် ဧရာဝတီတိုင်း မအူပင်မြို့ရှိ ကရင်စာပေယဉ်ကျေးမှုအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက် နေ့က စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် သွားရောက်တွေ့ဆုံပြီး သန်းခေါင်စာရင်း ကူညီကောက်ယူပေးရန် တွေ့ဆုံညှိနှိုင်းခဲ့ကြခြင်းမျိုးလည်း ရှိခဲ့သည်။

သို့သော်တစ်ဖက်တွင် စစ်ကောင်စီအနေနှင့် စစ်ရေး၊ နိုင်ငံရေးများတွင် အရေးနိမ့်မှုများ ကြုံနေရသောကြောင့် ၎င်း တို့ နိုင်ငံရေးထွက်ပေါက်အနေဖြင့် ရွေးကောက်ပွဲကို မဖြစ်မနေရအောင်ကြိုးပမ်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုကြသည်။

နိုင်ငံ၏ မြို့နယ်ပေါင်း (၃၃၀) အနက် (၇၀) ရာခိုင်နှုန်းခန့်မှာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် သန်းခေါင် စာရင်းကောက်ယူရန်က မဖြစ်နိုင်ကြောင်း ပြောဆိုကြသော်လည်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဌာနခွဲ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခက်အခဲများရှိပါက အချိန်တိုးမြင့်ကောက်ယူသွားရန်ပါ စီစဉ်ထားသည်ဟု VOA မြန်မာသတင်းဌာနကို ဖြေဆိုထားသည်ကို တွေ့ရှိရသည်။

၎င်းအပြင် ယခင် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုအစီအစဉ်ကို ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့နှင့် နိုင်ငံပေါင်း ၉ နိုင်ငံမှ ကူညီထောက်ပံ့ပေးခဲ့သော်လည်း ယခုကောက်ယူမည့် အစီအစဉ်ကို နိုင်ငံတကာက အသိ အမှတ်မပြုခြင်းကြောင့် နိုင်ငံတော်ဘတ်ဂျက် ဘီလီယံ သန်းပေါင်း(၅၆,၀၀၀) ကျော် ကုန်ကျခံသွားရန် စီစဉ် ထားသည်ဟု စစ်ကောင်စီဘက်က ဆိုထားသသည်။

ယခုလို သန်းခေါင်စာရင်းကောက်ယူခြင်းကလည်း မဲစာရင်းရရှိခြင်းထက် အခြားသော ရည်ရွယ်ချက်များလည်း ရှိနိုင်သည်ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်းကောက်မည့် အစီအစဉ်ကို လေ့လာစောင့် ကြည့်နေသည့် သုတေသနတာဝန်ခံအချို့က သုံးသပ်ပြောဆိုထားသည်။

အထူးသဖြင့် စစ်ကောင်စီ၏ ရည်ရွယ်ချက်များမှာ အခွန်ငွေရရှိရန်၊ စစ်မှုထမ်းကိစ္စများနှင့် အတိုက်အခံအင်အားစု များကို ဖိနှိပ်ရန်အတွက် ပါဝင်နိုင်သည်ဟု သုံးသပ်ပြောဆိုမှုများရှိသည်။

ယခင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်သည့်လုပ်ငန်းစဉ်အတွက် ကုန်ကျငွေပေါင်း အမေရိကန် ဒေါ်လာ ၇၅ သန်းလောက်ရှိခဲ့သည်။ လက်ရှိမှာ နိုင်ငံတကာအကူအညီမရှိသည့်အတွက် သန်းခေါင် စာရင်းကောက်သည့်အစီအစဉ် မအောင်မြင်ခဲ့ပါက တိုင်းပြည်၏ ဘဏ္ဍာငွေ ဆုံးရှုံးသွားနိုင်သည်ဟုလည်း ဝေဖန်ထောက်ပြမှုများလည်းရှိသည်။

မည်သို့ပင် ဆိုစေကာမူ စစ်ကောင်စီအနေနှင့် သန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် အသည်းအသန်ကြိုးပမ်းနေသလို တစ်ဖက်တွင်လည်း ကျယ်ပြန့်လာသည့် မြို့သိမ်းတိုက်ပွဲများကြောင့် သန်းခေါင် စာရင်း ကောက်ယူမှုနှင့် ရွေးကောက်ပွဲအစီအစဉ် အထမြောက်မမြောက် စောင့်ကြည့်သွားရမည်ဖြစ်သည်။

သို့သော် သန်းခေါင်စာရင်းကောက်ယူရရှိသည့် အချက်အလက်များသည် နိုင်ငံတော်၏ သယံဇာတရင်းမြစ်များ ခွဲဝေသတ်မှတ်ခြင်း၊ နယ်မြေဧရိယာ နယ်နိမိတ်များကို ပြန်လည်ဆန်းစစ်ခြင်း၊ လူမှုအခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများချမှတ်ရေးဆွဲခြင်းများနှင့် ဝန်ဆောင်မှုလုပ်ငန်း များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများအတွက် အသုံးဝင်သည်ဟုဆိုထားသလို သန်းခေါင် စာရင်း ကောက်မှုအပြီး ရှေ့ပြေးအစီရင်ခံစာကို ယခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်နိုင်ရန် လျာထားသည်ဟု ဆိုထားသည်။

ထို့အတွက် ကရင်လူမျိုးများစွာနေထိုင်သည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းကဲ့သို့ ဒေသမျိုးသည် စစ်ကောင်စီအနေနှင့် အခိုင် အမာထိန်းချုပ်ထားနိုင်သေးခြင်းကြောင့် ကောက်ယူထားသော သန်းခေါင်စာရင်းမှ ထွက်ပေါ်လာမည့် လူဦးရေ စာရင်းထဲတွင် ကရင်လူမျိုးများ၏ အရေအတွက် မည်မျှလျော့နည်းသွားမည်နည်း၊ မည်မျှသက်ရောက်မည်နည်းကို စောင့်ကြည့်ရမည်ဖြစ်သည်။