အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) ကော့ကရိတ်မြို့နယ် မြဝတီ မြို့တောင်ဘက်ရှိ ဝေါလေကျေးရွာတွင် အောက်တိုဘာလ ၁၁ ရက်၊ ယမန်နေ့နံနက်ပိုင်းက စျေးထွက် ဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့ကား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကာ တပ်ရင်းမှူးနှင့် ဒုတပ် ရင်းမှူးအပါအဝင် ၃ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ဝေါလေဗျူဟာကုန်းစခန်းရှိ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ကား ၂ စီးနှင့် ဝေါလေကျေးရွာသို့ စျေးလာဝယ်စဉ် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည်။ သေဆုံးသည့်အထဲတွင် တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သားတစ်ဦးပါဝင်ပြီး ဒဏ်ရာရှိသူထဲတွင် ခြေလျင်တပ်ရင် -ခမရ ၅၈၅ တပ်ရင်းမှူး၊ အမြောက်တပ် အမှတ် ၃၁၆ ဒုတပ်ရင်းမှူးနှင့် တပ်သားတစ်ဦးတို့ဖြစ်ကြောင်း မြေပြင်စစ်သတင်းအရင်းအမြစ်တစ်ဦးက ယခုလို ပြောသည်။
“ မနက်ပိုင်း ၈နာရီ ၂၀ မိနစ်မှာဖြစ်တာ။ စျေးလာဝယ်တာ အင်အား ၂၀ ကျော် ၃၀ လောက်ပါတယ်။ သောကြာနေ့ အပတ်တိုင်းပဲ သူတို့စျေးလာဝယ်တယ်။ Vigo ကားလိုမျိုး ကားနှစ်စီးနဲ့ဆင်းလာတော့ ဒီဘက်ကစောင့်ပြီးပစ်တာ။ ”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဝေါ်လေဗျူဟာကုန်းစခန်းသို့ ပြန်ရောက်ရှိ သည့်အချိန်တွင် ပစ်ခတ်ခံရသည့် နေရာအနီးဝန်းကျင်တွင် ၁၂၀ မမနှင့် အလုံးပေါင်း ၁၀ ကျော် ပြန်လည်ပစ်ခတ်မှု လုပ်ဆောင်ခဲ့သေးသည်ဟု သိရသည်။
ဝေါလေဗျူဟာကုန်းစခန်းတွင် ခမရ -၅၈၅၊ ခမရ-၅၅၉၊ ခမရ-၅၅၅ တပ်များ တပ်စွဲနေထိုင်ပြီး အင်အား ၂၀၀ ကျော်ခန့်ရှိကြောင်း ဒေသအတွင်းရှိ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
ဝေါလေဗျူဟာကုန်းစခန်းသည် ရှေ့တန်းစခန်းဖြစ်သည့် မောခီး၊ ကနဲလေး နှင့် ဘုရင့်နောင်ကုန်း စခန်းများအတွက် ရိက္ခာများရရှိရန် လူထုများကို ပို့ဆောင်ခိုင်းခြင်းရှိသည့်အပြင် ဒေသအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့အကူအညီနှင့် ပို့ဆောင်ခိုင်းစေခြင်းလည်းရှိကြောင်း မြေပြင် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ဝေါလေဒေသတွင် စစ်ကောင်စီအပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နှင့် ကော်သူးလေအာမီ-KTLA တပ်ဖွဲ့များ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။