Home သတင်း လှိုင်းဘွဲမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူသွားလာမှု လုံခြုံစေရန် KNU တပ်မဟာ(၇) က အကူအညီပေးနေ ဆိုသည့် သတင်းအမှား

လှိုင်းဘွဲမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူသွားလာမှု လုံခြုံစေရန် KNU တပ်မဟာ(၇) က အကူအညီပေးနေ ဆိုသည့် သတင်းအမှား

89
Photo: SAC

အောက်တိုဘာ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အောက်တိုဘာလ(၁)ရက်မှ(၁၅)ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ယူရာ၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၏ လုံခြုံရေးနှင့်သွားလာရေးအတွက် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ဖားအံခရိုင်၏အရာရှိ၊ စစ်သည်များက အကူအညီပေးနေကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က သတင်းမှားဖြန့်ဝေလျက်ရှိသည်။

အဆိုပါသတင်းအမှားကို Subscribe ပြုလုပ်သူ သောင်းချီရှိသည့် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား(MRTV)နှင့် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန(MOI)တို့တွင် အောက်တိုဘာလ(၁)ရက်နေ့က စတင်ကာ ဖော်ပြလာခြင်းဖြစ်ပြီး ဖြန့်ဝေသူ ရာနှင့်ချီရှိနေသည်။ MOI ၏ သတင်းအမှားအား ဖော်ပြပါ (https://archive.ph/1G8jl)တွင် ဖတ်ရှုနိုင်သည်။

ထို့အပြင် သတင်းအမှားအား ကြည့်ရှုသူ − (၃၉၁) ဦး၊ Reaction ပြုလုပ်သူ(၆) ဦးအပြင် Saw Ba Maung အမည်ရှိ Subscriber (၁၅,၀၀၀)နီးပါးရှိ တယ်လီဂရမ်ချန်နယ်မှလည်းတဆင့်ကူးယူဖော်ပြထားကြောင်း တွေ့ရသည်။ Saw Ba Maung ကူးယူဖော်ပြထားသော သတင်းအမှားပျံ့နှံ့မှုကိုလည်း (https://archive.ph/OWnkx) တွင် ကြည့်ရှုနိုင်သည်။

ဖော်ပြပါအကြောင်းအရာနှင့် ပတ်သက်၍ KIC အချက်အလက်စစ်ဆေးသည့်အဖွဲ့၏ စစ်ဆေးချက်အရ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရပါသည်။

သတင်းအမှားဖြစ်ကြောင်းစိစစ်ချက်

အဆိုပါသတင်းအမှားတွင် စစ်ကောင်စီက လှိုင်းဘွဲမြို့နယ်အတွင်း သန်းခေါင် စာရင်းကောက်ယူရေးအတွက် သွားလာ၊ လုံခြုံရေးအပိုင်း၌ တပ်မဟာ(၇)ကေအဲန်ယူ အပါအဝင် စစ်ကောင်စီလက်အောက်ရှိ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်-BGF ကပါ အကူအညီပေးနေသည်ဟု ပုံ(၆)ပုံနှင့်တကွ ဖော်ပြထားခြင်းဖြစ်သော်လည်း KNU တပ်မဟာ(၇)မှ စစ်သည်အရာရှိများ ပါဝင်နေခြင်းမရှိကြောင်း ထိုပုံများအရ လေ့လာတွေ့ရှိရသည်။

MOI တွင် ဖော်ပြထားသော ပုံ(၆)ပုံကို (https://archive.ph/bTYdm) တွင် သွားရောက်စစ်ဆေးနိုင်သည်။

ထို့အပြင် KNU တပ်မဟာ(၇)နှင့် BGF ပူးတွဲလှုပ်ရှားရာနယ်မြေဖြစ်သည့် လှိုင်းဘွဲမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေသည့်အဖွဲ့များအား KNU ဘက်က လုံခြုံရေးအရ အကူအညီပေးမှုမရှိသလို သတင်းအမှားဖြစ်ကြောင်းကိုလည်း ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက ယခုလို အတည်ပြုပြောသည်။

၎င်းက “သူတို့လုံခြုံရေးကို BGF ကနေ တာဝန်ယူပေးမယ့်သူတွေရွေးချယ်ထားတာတော့ သိတယ်။ ကျနော်တို့အနေနဲ့ကတော့ တိုက်ရိုက်လည်းမကောက်ပေးဘူး။ လုံခြုံရေးယူ ပေးမယ်လို့ပြောထားတာလည်းမရှိသလိုယူလည်းမပေးပါဘူး။ သတင်းအမှားပါ” ဟု ပဒိုစောအောင်မော်အေးက ကေအိုင်စီသို့ ပြောသည်။

Photo: SAC

စစ်ကောင်စီ၏နိုင်ငံတကာထံမှ တရားဝင်မှုရလိုခြင်းအတွက် ရွေးကောက်ပွဲကျင်းပရန် သန်းခေါင် စာရင်းများကောက်ယူခြင်းအပေါ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအပါအဝင် ကေအဲန်ယူ အစည်းအရုံးတစ်ခုလုံးအနေဖြင့် လက်မခံကြောင်းကိုလည်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကေအိုင်စီသို့ ပြောဆိုခဲ့ဖူးသည်။ သတင်းလင့်ခ် (https://kicnews.org/2024)

စစ်ကောင်စီ၏သတင်းအမှားတွင် ဖော်ပြထားချက်အရ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအလိုက် စာရင်းကောက်အဖွဲ့(၃၇)ဖွဲ့ဖြင့် လိုက်လံကောက်ယူနေပြီဖြစ်ကြောင်း ဖော်ပြထားသဖြင့် ကေအဲန်ယူတပ်များ လိုက်ပါဆောင်ရွက်မှုရှိမရှိအပေါ် လှိုင်းဘွဲမြို့ခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ KNU မပါဝင်ကြောင်း ထပ်မံအတည်ပြုသည်။

အဆိုပါ လှိုင်းဘွဲမြို့ခံက “မြို့ပေါ်(၄)ရပ်ကွက်နဲ့ ဒိုင်းပြအထိ သူတို့ကောက်နေပြီ။ (၁)ရက်နေ့ကနေ စကောက်နေတာတော့ KNU မပါပါဘူး။ လက်ရှိ BGF တပ်၊ စစ်တပ်နဲ့ရဲတွေပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

သုံးသပ်ချက်

အထက်ပါအချက်အလက်များအရ လှိုင်းဘွဲမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုများကို အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ကာ စစ်ကောင်စီက ပြုလုပ်လျက်ရှိသည်။

သို့သော် သန်းခေါင်စာရင်းကောက်ယူရာတွင် KNU တပ်မဟာ(၇)အပါအဝင် BGF တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သွားလာရေး၊ လုံခြုံရေးလွယ်ကူ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးနေဆိုသည့် အကြောင်းအရာအတွင်း မှားယွင်းဖော်ပြထားသော အချက်အလက်အချို့အရ ဖြစ်စဥ်မှန်ကန်၍ အကြောင်းအရာအချို့လွဲသည့် (False Context) သတင်းအမှား အမျိုးအစား ဖြစ်သည်။

ကရင်သတင်းဌာန-ကေအိုင်စီ၏ ပရိတ်သတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက စောလျင်စွာယုံကြည်မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံများအား ဂရုပြုလေ့လာစမ်းစစ်ခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့များသို့ အတည်ပြုချက်ရယူခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။

ထို့အတူ ယုံကြည်စိတ်ချရသည့် မီဒီယာများနှင့်တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် သတင်းအမှား၊ အမှန် ခွဲခြားနိုင်သလို ကေအိုင်စီ၏ဖေ့ဘွတ်ခ် စာမျက်နှာ (https://www.facebook.com/KICNewsPage)သို့လည်း လာရောက်ပေးပို့နိုင်သည်။