Home သတင်း လမ်းပိတ်ထား၍ ခက်ခဲနေသည့် စစ်ရှောင်များကို ဆေးဝါးရိက္ခာပံ့ပိုးခဲ့ဟု လောင်းလုံး ပကဖ ပြော

လမ်းပိတ်ထား၍ ခက်ခဲနေသည့် စစ်ရှောင်များကို ဆေးဝါးရိက္ခာပံ့ပိုးခဲ့ဟု လောင်းလုံး ပကဖ ပြော

316
Photo: လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ

အောက်တိုဘာ ၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ကားလမ်းပိတ်ထားသည့်အတွက် ခက်ခဲနေသည့် စစ်ရှောင်များကို ဆေးဝါး၊ ရိက္ခာပံ့ပိုးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၅ ရက်နေ့တွင် ပြောသည်။

လောင်းလုံးမြို့နယ်ကျေးရွာများအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်စဉ် နေအိမ်များကိုပါ မီးရှို့ ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံများ စစ်ရှောင်ခဲ့ရပြီး အဆိုပါ စစ်ရှောင်းများကို ပြီးခဲ့သည့် စက်တင် ဘာလအတွင်းက ဆန်အိတ် ၁၇၀ အိတ် နှင့် ၅၅ သိန်း ကပ်တန်ဖိုးရှိ ဆီ၊ ဆား၊ အချိုမုန့်၊ မာမားခေါက်ဆွဲ၊ ကော်ဖီမစ်၊ ကြက်ဥ၊ ကြက်သွန်နီ တို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

“စစ်ဘေးရှောင်ရတဲ့ အခြေနေတွေမှာတော့ ကျနော်တို့ဖက်ကနိုင်သလောက် စာနပ်ရိက္ခာအပိုင်းရော ပိတ်မိနေတဲ့ နေရာတွေကနေ ခေါ်ထုတ်တဲ့အပိုင်းရော၊ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းရော အကုန်ကူညီပေးပါတယ်ဗျ” ဟု လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ကေအိုင်စီသို့ ပြောသည်။

လောင်းလုံးပြည်သူ့ ကာကွယ်ရေးတပ် အနေဖြင့် ၎င်းတို့ရရှိသည့် ပြည်သူများ၏ လှူဒါန်းငွေများမှတဆင့် စစ်ရှောင်များကို ပြန်လည် ခွဲဝေပံ့ပိုးခြင်းဖြစ်သည်ဟု ကိုရှဲဒိုးက ဖြည့်စွက်ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်ဝပ်ပြင်ကျေးရွာ၊ အောက်ကျောက်ဝပ်ကျေးရွာ၊ ညောပြင်ကျေးရွာ၊ ထောက်နန်းကျေးရွာ၊ ကျောက်မတ္တပ်ကျေးရွာနှင့် ကြက်လွှတ် ကျေးရွာများကို ကားလမ်းအသုံးပြုခွင့် ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ထားဝယ်မြို့နယ်အတွင်းရှိ အရှေ့တောနယ်ဒေသအပြင် သရက် ချောင်းမြို့နယ်အတွင်းရှိ တောင်ပျောက်တိုက်နယ်၊ တနင်္သာရီမြို့နယ်ရှိ တကူတိုက်နယ်နှင့် ညောင်ပင်ကွင်း ကျေးရွာများကိုလည်း စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များကို ပိတ်ထားကြောင်း သိရသည်။