Home သတင်း လမ်းခရီးကြောင့် ဒီးမော့ဆိုစစ်ရှောင်ဒုက္ခသည်များ လိုအပ်သည့်ဆေးဝါးရရန် ခက်ခဲနေ

လမ်းခရီးကြောင့် ဒီးမော့ဆိုစစ်ရှောင်ဒုက္ခသည်များ လိုအပ်သည့်ဆေးဝါးရရန် ခက်ခဲနေ

377
Photo: ကမ်းလက် စစ်ဘေးရှောင်ကူညီထောက်ပံ့သူများအဖွဲ့

အောက်တိုဘာ ၁၀၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်တွင် ရေကြီးမှုများဖြစ်ပေါ်ပြီး နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲသည့် အတွက် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ဆေးဝါးများရရှိရန်ခက်ခဲနေ သည်ဟု စစ်ဘေးရှောင်များကို အနီးကပ် ကူညီနေသူများက ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအများစုတွင် ကျမ်းမာရေစောင့်ရှောက်မှု လိုအပ်ချက် ကြီးမား နေပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနေသည့်အပြင် စစ်ကောင်စီက ပြည်တွင်းဆေးဝါးသယ်ယူခွင့် တားမြစ်ထား သည့်အတွက် ယခုလို ဆေးဝါးလိုအပ်ချက် အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု အနီးကပ်ကူညီနေသူ တစ်ဦးက ယခုလိုပြောသည်။

“စစ်ရှောင်စခန်းအများစုမှာ ဆေးဝါးလိုအပ်ချက်တွေ ရှိလာတယ်။ နောက်ပြီးတော့ ထိုင်းဘက်ခြမ်းကနေ သယ်ယူ ဖို့ကလည်း အဲ့ဒီဘက်မှာ ရေကြီးနေတယ်။ ပြည်တွင်းမှာ လမ်းအများစုကို စစ်ကောင်စီကပိတ်ထား တဲ့အတွက် သယ်လို့ မရတဲ့အနေအထားမှာ ရှိနေတယ်” ဟု ၎င်းက အောက်တိုဘာ ၁၀ ရက်တွင် ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း ကရင်နီပြည်ရှိ စစ်ဘေးရှောင်စခန်းအများစုတွင် သောက်သုံး ရေ မသန့်ရှင်းမှုများကြောင့် ကလေးငယ်အများစုတွင် အရေးပြားရောဂါများ ဖြစ်ပွားနေပြီး ဆေးဝါးများအပြင် သောက်သုံးရေလိုအပ်မှုများ ရှိနေကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေ အနေနဲ့က စမ်းရေ၊ ချောင်းရေ၊ ကန်ရေ၊ တွင်းရေနဲ့ မိုးရေတို့ကိုပဲ ကြိုချက်ပြီး သောက်ကြပါ တယ်။ မိုးရေကို အစိမ်းလိုက် သောက်တဲ့သူအချို့လည်း ကျန်ရှိနေသေးတယ်။ ဒါကြောင့် ဝမ်းပျက်၊ ဝမ်းလျှော အပြင်ကိုမှ အရေးပြားရောဂါတွေ ကလေးတွေမှာပိုပြီး ဖြစ်ပေါ်လာတယ်” ဟု ၎င်းကဖြည့်ဆွက် ပြောသည်။

ရေဘေးသင့်ပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များအတွက် လိုအပ်သည့်စားနပ်ရိက္ခာနှင့် ဆေးဝါးအများစုကို လိုအပ်သည့် နေရာထိ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ကူညီပို့ဆောင်ပေးလျက် ရှိနေ သော်လည်း ဆေးဝါးလိုအပ်ချက် များပြားနေဆဲဟု စစ်ရှောင်များကို ကူညီနေသူများက ပြောသည်။

ကရင်နီ အပါအဝင် မြန်မာတွင် လူတစ်သန်းခန့် ရေဘေးဒဏ်ခံခဲ့ရပြီး ၎င်းအထဲတွင် ကလေး နှစ်သိန်းခုနစ်သောင်း ကျော်အတွက် အရေးပေါ် ကူညီစောင့်ရှောက်မှုများ လိုအပ်လျက်ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။