Home Facts Checking News ရေတာရှည်၊ ကျွန်းတောကုန်းရွာ မူလတန်းစာသင်ကျောင်းကို KNU နှင့် PDF က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ဆိုသည့် သတင်းအမှား

ရေတာရှည်၊ ကျွန်းတောကုန်းရွာ မူလတန်းစာသင်ကျောင်းကို KNU နှင့် PDF က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ဆိုသည့် သတင်းအမှား

152

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းရှိ ကျွန်းတော ကုန်းကျေးရွာ စာသင်ကျောင်းကို ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များက ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာမှ သတင်းအမှားဖြန့်ဝေလျက်ရှိသည်။

ထိုသတင်းအမှားကို Subscribe ပြုလုပ်သူ (၇၅,၀၀၀) ကျော်ရှိ Positive Angle News(PAN) ၏ ဝက်ဘ်ဆိုက် စာမျက်နှာနှင့် တယ်လီဂရမ်ချန်နယ်တို့တွင် အောက်တိုဘာလ(၁၀)ရက်နေ့မှစ၍ ဖြန့်ဝေထားခြင်းဖြစ်ပြီး တယ်လီဂရမ်ချန်နယ်ရှိ အဆိုပါပို့စ်ကို ကြည့်ရှုသူ (၁)သောင်းကျော်၊ Like ပြုလုပ်သူ (၂၀၀)ရာကျော်နှင့် ထပ်ဆင့်ပြန်လည်မျှဝေသူ (၁၃)ဦးရှိနေသည်။

PAN က ဖော်ပြထားသည့် သတင်းအမှားကို ဖော်ပြပါ (https://archive.ph/mBxq1) တွင် ဖတ်ရှုနိုင်သည်။

ဖော်ပြပါအကြောင်းအရာနှင့်ပတ်သက်၍ ကေအိုင်စီ၏ အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စုံစမ်းစစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။

သတင်းအမှားဖြစ်ကြောင်းစိစစ်ချက်
အောက်တိုဘာလ(၉)ရက်နေ့ ညနေပိုင်းက KNU၊ PDF ပူးပေါင်းတပ်မှ ကလေးငယ်များ ပညာသင်ကြားမှု အဟန့်အတား ဖြစ်စေရန် ကျွန်းတောကုန်းရွာ စာသင်ကျောင်းသို့ ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်း အခန်း(၃)ခန်း ပျက်စီးသွားသည်ဟု ထိုသတင်းအမှားက ပုံနှင့်တကွ ဖော်ပြထားသည်။

အဆိုပါ ပုံများကို စစ်ဆေးကြည့်ရာ စာသင်ကျောင်း ဆိုင်းဘုတ်နှင့်ရှေ့မျက်နှာစာပုံ တစ်ပုံ၊ ကျောင်းခန်းအတွင်း အပျက်အစီးပုံ လေးပုံသာပါရှိပြီး KNU နှင့် PDF များ က ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟူသော သက်သေပြနိုင်ရန် ခိုင်မာသည့် ပုံသက်သေမပါရှိပေ။

ထို့အပြင် ကေအိုင်စီ ၏ အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ ကျွန်းတောကုန်းရွာအနီးနေထိုင်သည့် လုံခြုံရေးအရ အမည်မဖော်လိုသူဒေသခံ အမျိုးသားတစ်ဦးအား အဆိုပါသတင်းအမှားနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းရာတွင် စစ်ကောင်စီဘက်က ထိတွေ့တိုက်ပွဲမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားနေသည့်နယ်မြေအဖြစ် ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းဒေသခံအမျိုးသားက “အဲဒီနေ့မတိုင်ခင်ကလည်း အဲ့နားကရွာတွေမှာ တောက်လျှောက် စစ်တပ်က ဒရုန်းနဲ့ဗုံး လိုက်ကြဲနေတာ။ ကျွန်းတောကုန်းကျောင်းမှာ PDF တွေလည်း မနေပါဘူး။ တိုက်ပွဲလည်းမဖြစ်ဘဲ သပ်သပ် လာကြဲသွားတာ။ အဲဒီကျောင်းကလည်း အခြေအနေကြည့်ပြီး ဖွင့်လိုက်ပိတ်လိုက်နဲ့ပါ။ စာတော့သင်တယ်၊ အခုလိုကြဲခံရတော့ ကျောင်းကလုံးဝပိတ်ထားရပြီ” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် သတင်းအမှားနှင့်စပ်လျဥ်း၍ ဒေသတွင်းသတင်းအရင်းအမြစ်များကို ကိုးကားထားသည့် မီဒီယာ အချို့၏ဖော်ပြချက်တွင်လည်း အောက်တိုဘာလ(၉)ရက်နေ့တွင် စစ်ကောင်စီက ကျွန်းတောကုန်းနှင့် နှောပင်ရွာအတွင်း ဒရုန်းတင်ဆောင်လာသော ကားဖြင့် ဝင်ရောက်ကာ အနီးရှိကျေးရွာများသို့ လိုက်လံဗုံးကြဲခဲ့သည်ဟု ဆိုထားသည်။

ကျွန်းတောကုန်းရွာ စာသင်ကျောင်းဗုံးကြဲခံရမှုအပေါ် ဖော်ပြထားခြင်းမရှိသော်လည်း ကျွန်းတောကုန်းရွာအနီးရှိ ကျေးရွာများကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်သဖြင့်‌ ဒေသခံများထိခိုက်မှုရှိခဲ့သည်မှာ ဟုတ်မှန်ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) က မီဒီယာသို့ ဖြေကြားထားသည်ကို တွေ့ရသည်။

အဆိုပါမီဒီယာမှ သတင်းဖော်ပြချက်ကိုလည်း (https://archive.ph/sehTn) တွင် သွားရောက်ဖတ်ရှုနိုင်သည်။

သုံးသပ်ချက်
ဒေသခံများ၏ ပြောပြချက်နှင့် အထက်ပါအချက်အလက်များကို အခြေခံ၍ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းမီဒီယာတွင် ဖော်ပြထားသည့် သတင်းအမှားမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ဖြန့်ဝေထားသည့် Disinformation သတင်းအမှား ဖြစ်သည်။

ကရင်သတင်းဌာန-ကေအိုင်စီ၏ ပရိသတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက စောလျင်စွာယုံကြည်မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံများအား ဂရုပြုလေ့လာစမ်းစစ်ခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့များသို့ အတည်ပြုချက်ရယူခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။

ထို့အတူ ယုံကြည်စိတ်ချရသည့် မီဒီယာများနှင့်တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် သတင်းအမှား၊ အမှန် ခွဲခြားနိုင်သလို ကေအိုင်စီ၏ဖေ့ဘွတ်ခ် စာမျက်နှာ (https://www.facebook.com/KICNewsPage)သို့လည်း လာရောက်ပေးပို့နိုင်သည်။