ဘုရားသုံးဆူမြို့ပေါ် အခြေချလာသည့် ကျားဖြန့်
ကေအိုင်စီ (အောက်တိုဘာ ၃၀ ၊ ၂၀၂၄။ )
ကရင်ပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးမြို့ကို ကရင့်လက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျဖော်ဆောင်နေသည်မှာ တစ်နှစ်ကျော်ခန့် ရှိပြီးဖြစ်သည်။
ယခုလို ကရင့်လက်နက်ကိုင်တပ်ဖွဲ့များအုပ်ချုပ်နေသည့် ဘုရားသုံးဆူမြို့တွင် လက်ရှိအေးအေးချမ်းချမ်းရှိ နေသည်ဟု ဒေသခံတစ်ဦးက ကေအိုင်စီ-ကရင်သတင်းဌာနသို့ ပြောသည်။
သို့သော် ယခုနှစ်အတွင်း ဘုရားသုံးဆူမြို့သို့ တရုတ်နှင့် တရုတ်နွယ်ဝင်လူမျိုးများ တစ်စထက်တစ်စ ရွှေ့ပြောင်း ဝင်ရောက်အခြေချလာပြီး ၎င်းတို့ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ အထည်ဆိုင်များ ပေါ်ထွက်လာခဲ့ သည်။
တခြားတစ်ဖက်တွင်မူ ကာစီနိုလောင်းကစားရုံများ ထပ်မံပေါ်ပေါက်လာသလို အွန်လိုင်းငွေလိမ်လုပ်ငန်းဟု လူသိ များသည့် ကျားဖြန့်လုပ်ငန်းများလည်း ရွှေ့ပြောင်းအခြေချမှုများရှိနေသည်ဟု ယခုနှစ်လည်ပိုင်းမှစ၍ ကျယ်ကျယ် ပြန့်ပြန့် သတင်းထွက်ပေါ်နေခဲ့သည်။
ဘုရားသုံးဆူမြို့ နောက်ခံအကျဉ်း
ဘုရားသုံးဆူမြို့သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၏ မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ စန်ခပူရီ ခရိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့ဖြစ်သည်။ ယခင်က နယ်စပ်ကုန်သွယ်ရေး အထိုက်အလျောက်ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြို့ပေါ်ထိတိုက်ပွဲများဖြစ်ပွားခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဘုရားသုံးဆူမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စည်ပင်သာယာ ရေးရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၊ မီးသတ်ဦးစီးဌာနရုံး၊ စစ်ဖက်ဆိုင်ရာ စုံစမ်းရေးရုံး (စရဖ) နှင့် အခြားဌာနဆိုင်ရာရုံးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်ရှင်းလင်းခဲ့ပြီးနောက် စစ် ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့သည်။
ထို့နောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ -၆ က၂၀၂၃ ခုနှစ်၊ ဇွန်လမှစ၍ အုပ်ချုပ်မှုယန္တရား ကို စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း ကေအဲန်ယူနှင့် DKBA-ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်တို့က အဓိက ပူးတွဲပြီး အုပ်ချုပ်ရေးလုပ်ငန်းများလုပ်ဆောင်နေပြီး ဖြစ်သည်။
ယခုလိုဆောင်ရွက်ခြင်းကို ဘုရားသုံးဆူတွင် ယခင်ထဲက ရှိထားသည့် မွန်ပြည်သစ်ပါတီ(NMSP)၊ (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (PC)နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့တို့ အခြေစိုက်ထားမှုရှိပြီး တစ်စုံတရာ ကန့်ကွက်မှုမရှိဘဲ အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင်လည်း ညီညီညွတ်ညွတ်ဖြင့် လက်တွဲဆောင်ရွက်နေသည်ဟု ဘုရားသုံးဆူမြို့ခံ လူထုများက ဆိုသည်။
“ဘာမှကန့်ကွက်မှုမရှိပါဘူး။ ဝင်ရောက်နှောင့်ယှက်တာလည်း မရှိပါဘူး။ KNU အုပ်ချုပ်ရေးအနေနဲ့ပဲ ဆက်သွား နေတယ်” ဟု ထိုစဉ်က တပ်မဟာ-၆ တာဝန်ရှိသူက ပြောသည်။
တရုတ်နှင့် တရုတ်နွယ်ဝင်များ ရွှေ့ပြောင်းအခြေချလာမှု
ဘုရားသုံးဆူသို့ ယခုနှစ်နွေရာသီ ဧပြီလခန့်မှစ၍ တရုတ်လူမျိုးများ အလုံးအရင်းဖြင့် ဝင်ရောက်လာကာ အခြေချ နေထိုင်လာသည်ဟု မြို့ခံများက ဆိုသည်။ ထိုသို့ ဝင်ရောက်လာသူများထဲတွင် တရုတ်လူမျိုး စစ်စစ်က ၃၀ ရာခိုင် နှုန်းခန့်သာရှိပြီး ကျန် ၇၀ ရာခိုင်နှုန်းခန့်သည် တရုတ်နွယ်ဝင်ကိုးကန့်နှင့် လီဆူလူမျိုးများဖြစ်သည်ဟု မြို့အုပ်ချုပ် ရေးအပိုင်းကို ပူးတွဲလုပ်ဆောင်နေသူ DKBA၊ အမှတ်-၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တရုတ်လူမျိုးတို့သည် ကချင်ပြည်နယ်နှင့်၊ ရှမ်းပြည်နယ်တို့၏ ဧည့်နိုင်ငံသားကဒ်ကိုင်ဆောင်ထားသူများ လည်းပါဝင်သည်။ တချို့သည် လာရှိုးမြို့က ရောက်ရှိလာခြင်းများရှိသလို တချို့က ကိုးကန့်ဒေသမှဖြစ်သည်။ ကျန်တစ်ချို့သည် မြဝတီမြို့မှ ရွှေ့ပြောင်းအခြေချလာခြင်းဖြစ်သည်ဟု မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။
မြဝတီမြို့ ရွှေကုက္ကိုလ်တွင် BGF နှင့်အကျိုးတူ အိမ်ရာဖော်ဆောင်ရေးလုပ်ဆောင်နေသည့် ရထိုက်ကုမ္ပဏီက ၎င်း တို့၏ လုပ်ငန်းများကို ပိတ်သိမ်းတော့မည်ဟု ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့ဖူးသည်။ ထို့အပြင် BGF ကလည်း ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူများကို ယခုအောက်တိုဘာလ နောက်ဆုံးထားပြီး ထွက်ခွာသွားရန် ထုတ်ပြန်ထားသည်။ ထို့ကြောင့် အဆိုပါဒေသမှ တရုတ်တို့ဘုရားသုံးဆူမြိုသို့ အချို့ပြောင်းရွှေ့ သွားခြင်းဖြစ်သည်။
ယခုလို အကြောင်းအမျိုးမျိုးဖြင့် တရုတ်တို့ ဘုရားသုံးဆူဘက်သို့ ပြောင်းရွှေ့လာပြီးနောက် အိမ်ငှားရမ်းနေထိုင် ခြင်း၊ ဆိုင်ခန်းများငှားရမ်းခြင်းများကြောင့် ဘုရားသုံးဆူမြို့ပေါ် အိမ်ခြံမြေ အငှားဈေးကွက်မှာ အဆမတန်မြင့် တက်သွားသည်။
လက်ရှိမြို့ထဲတွင် အိမ်ငှားခ၊ ဆိုင်ခန်းငှားခနှင့် တိုက်ခန်းငှားခ အဆမတန်စျေးမြင့်တက်လာကာ တစ်ချို့ အိမ်နှင့် ဆိုင်ခန်းများသည် တစ်လကို ဘတ်ငွေတစ်သောင်းမှစတင်၍ ဘတ်ငါးသောင်းအထိ ငှားခစျေးမြင့်တက် သွားသည် ဟု မြို့ပေါ်ရှိ ကေအိုင်စီ သတင်းရင်းမြစ်များက ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်တွင် ရပ်ကွက် ၄ ခုရှိပြီး ထိုရပ်ကွက်များအားလုံးတွင် တရုတ်လူမျိုးများ အိမ်၊ အဆောက်အဦး ငှားရမ်းနေထိုင်သလို လမ်းမတန်းတွင်လည်း ဆိုင်ခန်းများငှားရမ်းကာ တရုတ်ထုတ်ကုန်များ ဖြစ်သည့်အဝတ် အထည်၊ စားသောက်ဆိုင်နှင့် အလှပြင်လုပ်ငန်းများ ဖွင့်ထားသည်ဟု ကေအိုင်စီသတင်းအရင်းအမြစ်က ပြောသည်။
“ဘုရားသုံးဆူမှာက တရုတ်တို့ လာပြီးဖွင့်တဲ့ အဝတ်အထည် စားသောက်ဆိုင်အားလုံးပေါင်း ၁၀ ဆိုင်ကျော်ကျော် ပဲရှိသေးတယ်” ဟု မြို့ခံ သတင်းရင်းမြစ်က ပြောသည်။
ယခုလို တရုတ်တို့ ဘုရားသုံးဆူသို့ ဝင်ရောက်အခြေချရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အပိုင်း အားနည်းကာ ယာဉ်တိုက်မှုများဖြစ်ပွားခဲ့သည့်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့က ဝိုင်းဝန်းကြပ်မတ်လုပ်ဆောင်ခဲ့ ရသည်။ လက်ရှိတွင်မှု ယာဉ်ကြောပိတ်ဆို့မှုနှင့် စည်းကမ်းပိုင်းပိုကောင်းလာသည်ဟု မြို့ခံများက ပြောသည်။
တရုတ်တို့ ဝင်ရောက်အခြေချလာသည့်အတွက် မြို့ခံတို့ကို စီးပွားရေးထိခိုက်မှုမရှိဘဲ စီးပွားရေးပိုင်းပိုမိုကောင်း လာသည်ဟု မြို့အုပ်ချုပ်ရေးပူးပွဲတာဝန်ယူထားသည့် DKBA အမှတ်-၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ပြောသည်။
“တချို့က အပြင်မှာ ထွက်ငှားနေတယ်။ အဲဒီလိုအပြင်မှာနေတော့ အိမ်ခတွေ အခန်းခတွေက စျေးတွေကြီး သွား တယ်။ အခန်းငှားစားတဲ့လူတွေကတော့ သူတို့အဆင်ပြေတယ်။ ဒါပေမယ့် အိမ်ငှားနေတဲ့သူတွေအတွက်တော့ ထိသွားတာရှိတယ်။ ဆိုင်သမားတချို့ကတော့ အဲလိုများလာတော့ သူတို့ပစ္စည်းတွေ ရောင်းအားတွေကောင်းလာ တယ်။ အဲလိုတွေတော့ရှိတယ်” ဟု ၎င်းက မှတ်ချက်ပြုပြောသည်။
တရုတ်ဝန်း ပဟေဠိနှင့် ကာစီနို၊ ကျားဖြန့်
ယခုလို တရုတ်နှင့် တရုတ်နွယ်ဝင်များ ဘုရားသုံးဆူမြို့သို့ ခြောက်လအတွင်း အလုံးအရင်းဖြင့် ဝင်ရောက်အခြေချ လာပြီးနောက် မြို့ခံတို့ကြား လူပြောများလာသည့် တရုတ်ဝန်းတစ်ခု ပေါ်ပေါက်လာသည်။ အဆိုပါ တရုတ်ဝန်း သည် ထိုင်း-မြန်မာနယ်မြေခြင်း ထိစပ်နေသည့် မြို့ပေါ် အမှတ် – ၁ ရပ်ကွက်တွင် ခန့်မှန်း မြေ ၅ ဧက အကျယ်ရှိ ခြံဝန်း တစ်ခုဖြစ်သည်။
အဆိုပါ တရုတ်ဝန်းအတွင်း တစ်ထပ်တိုက် အဆောက်အဦးများကို လိုင်းခန်းပုံစုံဆောင်လုပ်ထားပြီး အနည်းဆုံး အဆောက်အဦး ၅ လုံးရှိသည်။ ထို့အပြင် ယာဉ်ရပ်နားသည့်နေရာများလည်း ပြုလုပ်ထားသည်။ ထိုတရုတ် ဝန်းကို အပြင်လူများဝင်ခွင့်မပေးဟု မြိုခံတို့က ပြောသည်။ ထို့ကြောင့် တရုတ်ဝန်းအဝင်းအတွင်း မည်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည်ကို မြို့ခံတို့ကြား အမျိုးမျိုးခန့်မှန်း ပြောဆိုကြသလို ပဟေဠိသဖွယ် ရှိနေသည်။
၎င်းအပြင် အဆိုပါ အမှတ်(၁) ရပ်ကွက် အခြားနေရာတွင် တရုတ်တို့က ကာစီနို လောင်းကစားရုံကို နှစ်ထပ်တိုက် အဆောက်အဦး တစ်လုံးတွင် သီးခြားဖွင့်လှစ်ထားသည်ဟု မြို့ခံသတင်းအရင်းအမြစ်က ပြောသည်။ ယခင်က တည်းက ဘုရားသုံးဆူတွင် ကာစီနို လောင်းကစားရုံ ၂ ရုံ ၃ ရုံခန့် ရှိထားပြီး ဖြစ်သည်။
အဆိုပါ ကာစီနို လောင်းကစားရုံအကြောင်းသိသူ မြို့ခံတစ်ဦးက “လာကစားတဲ့လူတွေက ပြည်တွင်းက လူတွေလည်း လာတယ်။ လက်ကြီးသမားတွေကတော့ ထိုင်းဘက်က လာတယ်” ဟု ပြောသည်။
ယခုလို ကာစီနို လောင်းကစားရုံများ လာရောက်ဖွင့်လှစ်ခြင်းမျိုးကို မြို့အုပ်ချုပ်ရေးအဖွဲ့က မလိုလားသလို တချို့ လာမည့် ဒီဇင်ဘာလတွင် ပြန်သွားရန်ရှိသည်ဟု မြို့အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူက ပြောသည်။
ထို့အပြင် တရုတ်တို့ သီးသန့်နေထိုင်သည့် တရုတ်ဝန်းအတွင်း ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ခြင်းရှိမရှိနှင့် မည် သည့် လုပ်ငန်းများလုပ်ကိုင်နေသည်ကို မြို့အုပ်ချုပ်ရေးအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ရန်ရှိသည် ဟု ယခုလအစောပိုင်းက ပြောဆိုဖူးသည်။
ကျားဖြန့်လုပ်ငန်းသည် အွန်လိုင်းမှ ငွေကြေးလိမ်လည်ခြင်း လုပ်ငန်းဖြစ်ပြီး နည်းလမ်းမျိုးစုံသုံး လိမ်လည် မှုမျိုး ဖြစ်သည်။ ဥပမာအားဖြင့် အင်တာနက်လူမှုကွန်ရက် ယူကျူ့စာမျက်နှာတစ်ခုကို ကနဦး like and share လုပ်ခိုင်းကာ ငွေအနည်းငယ်ပေးပြီး စတင်ဆွဲဆောင်သည်။ ထို့နောက်ပိုင်းတွင် တဆင့်တက်ကာ လုပ်ငန်းထဲသို့ ရင်းနှီးမြှုပ်နှံငွေများ ထည့်ဝင်ပါဝင် ခိုင်းသည်။ ယုံကြည်မှုရှိအောင် အစပိုင်းတွင် အမြတ်ငွေဟုဆိုကာ ခွဲဝေပေးသည်။ အမြတ်ငွေရ ယုံကြည်လာပြီး ဆိုပါက ပိုများသည့်ငွေပမာဏကို ရင်းနှီးမြှုပ်နှံခိုင်းပြီးမှ အဆက်အသွယ်ဖြတ် လိမ်ယူခြင်းမျိုးရှိသည်။
၎င်းအပြင် Dating ဝက်ဘ်ဆိုဒ်များတွင် အကောင့်ဖွင့်ပြီး တရုတ်မော်ဒယ်များ၏ ပုံကိုယူက လိမ်ညာဟန်ဆောင် သမီး ရည်းစားဖြစ်အောင်လုပ်ပြီးနောက် အွန်လိုင်းငွေကြေး လွှဲပြောင်းခိုင်းကာ လိမ်လည်ခြင်းမျိုးလည်းရှိသည်။ အင်တာနက်ပေါ် တွင်လူသုံးများသည့် လူမှုကွန်ရက်အပလီကေးရှင်းများတွင် နည်းလမ်းစုံသုံးသားကောင်ရှာကာ လိမ်လည်မှုမျိုး ဖြစ်သည်။
ဘုရားသုံးဆူမြို့တွင် တရုတ်ဝန်းအပါအဝင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့်နေရာ နှစ်နေရာရှိသည်ဟု ကေအိုင်စီ၏ သတင်းရင်းမြတ်များက ပြောသည်။ လုပ်ငန်းခွင်တစ်ခုတွင် အနည်းဆုံး တရုတ်လူမျိုး ၁၃၀ ဦးခန့်က ကွန်ပျူတာကိုယ်စီဖြင့် လုပ်ငန်းလုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသည်ဟု လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့သူက ပြောသည်။
“အဲဒီမှာက တရုတ်တွေပဲဆိုရင် အယောက် ၁၃၀ လောက်ရှိတယ်။ သူတို့မှာ ကွန်ပျူတာတွေနဲ့ လုပ်တာတွေတော့ တွေ့ရတယ်။ သူတို့ဖြေတာကတော့ လိုင်းပေါ်မှာငွေချေးစနစ်လား အဲလိုတွေလုပ်တယ်လို့ပဲ ပြောတယ်။ ပြီးတော့ သူတို့က မော်ဒယ်ပုံတွေနဲ့ အဲလိုပြန်ပြီးလုပ်တာတွေတော့ တွေ့ရတယ်” ဟု တာဝန်ရှိ လူကြီးတစ်ဦးက ပြောသည်။
ယခုလို ဘုရားသုံးဆူသို့ ရွှေ့ပြောင်းလုပ်ကိုင်လာသည့် ကျားဖြန့်လုပ်ငန်းများသည် ယခင်မြဝတီမြို့၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့် လုပ်ငန်းများမှ ရွှေ့ပြောင်းလာမှုများလည်း ရှိသလို ရှမ်းမြောက် ကိုးကန့်ဒေသမှ ရွှေ့ပြောင်း လာသည် များလည်း ရှိသည်ဟု ကေအိုင်စီ သတင်းရင်းမြစ်များထံမှ သိရသည်။ ထို့အပြင် မြို့အုပ်ချုပ်ရေး တာဝန်ရှိသူများထံ ကျားဖြန့်လုပ်ငန်းတစ်ခု ထပ်လုပ်ရန်ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်း မရှိကြောင်း သိရသည်။
မြို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ အုပ်ချုပ်ရေးစနစ် ကောင်းကောင်းလုပ်နိုင်တဲ့အချိန်ကျရင် ဒီဘုရားသုံးဆူမှာရှိတဲ့ တရုတ်တွေကလည်း ကျနော်တို့ ထွက်ခိုင်းရင်အချိန်မရွေးသူတို့ထွက်ရမှာပဲ။ အခုအခြေ အနေက သူတို့နဲ့တွဲပြီး လုပ်ရအုံးမယ့်အခြေအနေ ရှိလို့ ဆက်ပြီးတွဲလုပ်ရတယ်” ဟု ပြောသည်။
လက်ရှိ ဘုရားသုံးဆူမြို့တွင် ကျားဖြန့်လုပ်ငန်းများ အစပြုပေါ်ပေါက်နေပြီးဖြစ်သည်။ ယင်းလုပ်ငန်းသည် အွန်လိုင်း ငွေကြေးလိမ်လည် လုပ်ငန်းများဖြစ်ပြီး နိုင်ငံတကာ အစိုးရများက လက်မခံသလို ရေရှည်တည်မြဲ သည့် လုပ်ငန်းမျိုးလည်း မဟုတ်သည့်အတွက် အချိန်အတိုင်းအတာ တစ်ခုသို့ရောက်လျှင် နေရာရွှေ့ပြောင်းရခြင်း ပိတ်သိမ်းရခြင်းမျိုး ဖြစ်လေ့ရှိစမြဲသည်သာ ဖြစ်ပေသည်။….