အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နှင့် ကော့ကရိတ်မြို့ကြားလမ်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အတူ ဗိုလ်ဘိဦးဆောင်သည့် ခွဲထွက် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင့်အမျိုးသားတပ်မတော်) အဖွဲ့တို့ ပူးပေါင်း ဂိတ်ချထားပြီး သွားလာသူများကို စစ်ဆေးမှုများလုပ်ဆောင်နေကြသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။
ဖားအံနှင့် ကော့ကရိတ် လမ်းမပေါ်တွင် စစ်ကောင်စီတပ်အပါအဝင် နယ်ခြားစောင့်တပ်-BGF တပ်တို့ ဖွင့် ထားသည့် ဂိတ်ပေါင်း ၂၀ ထက်မနည်းရှိပြီး အချို့ဂိတ်များတွင် ဗိုလ်ဘိ ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့ကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဂိတ်ချထားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
ဒေသခံတစ်ဦးက “ဒီလမ်းကြောင်းမှာတော့ စစ်ကောင်စီဂိတ်တွေအများကြီး အဲဒီအထဲမှာက ဗိုလ်ဘိ DKBA အဖွဲ့တွေကလည်း စစ်ကောင်စီနဲ့အတူ ပူးပေါင်းပြီး သွားလာသူတွေကို စစ်ဆေးမှုတွေလုပ်တယ်။ သူတို့ကတော့ DKBA ဘက်တံဆိပ်နဲ့ပဲ ဝတ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဖားအံ-ကော့ကရိတ် လမ်းမပေါ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ဘက်မှ ပအိုဝ်း လက်နက် ကိုင်အဖွဲ့များလည်းတွေ့ရှိရကြောင်းလည်း အဆိုပါ ဒေသခံက ပြောသည်။ သို့သော် ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ၉ တိုင်လမ်းခွဲတွင် အများစုဂိတ်ချကာ သွားလာသည့်ဒေသခံများကို စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်သည့်အပြင် ဒေသခံသယ်ဆောင်သည့် ကုန်ပစ္စည်းများကိုလည်း စစ်ဆေးမှုများလည်းရှိကြောင်း ဒေသခံများက ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးက “အဓိကတော့ DKBA တွေက သွားလာသူတွေကို စစ်တာများတယ် ။ စစ်ကောင်စီတပ်က သူတို့က အနောက်မှာပဲနေတယ်၊ လိုအပ်မှ သူတို့က ဂိတ်ရှေ့ထွက်လာပြီး ကိုယ်ထင် လာပြတာ။ စစ်ကောင်စီနဲ့ တွဲပြီးထိုင်တော့ ကြောက်ရတယ်။ တစ်ခါတစ်လေ အဲဒီလမ်းကို မဖြတ်ရဲဘူး ။ ဘာဖြစ်လဲဆိုတော့ ဒေသခံတွေ သယ်တဲ့ပစ္စည်းတွေကို ဖမ်းဆီးသိမ်းထားတာတွေရှိတယ်ဆိုတော့ အဲဒီနေရာကိုတော့ ရှောင်လိုက်ရတာတွေရှိတယ်။ သတိတော့ထားရတယ်။”ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကော့ကရိတ်-မြဝတီအာရှလမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လူအင်အားလက်နက်အင်အား ပို့ဆောင်သည့်အချိန်တွင်လည်း အဆိုပါ ခွဲထွက် DKBAအဖွဲ့မှ ကူညီပို့ဆောင်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟုလည်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။
ထို့အပြင် ဖားအံမြို့နယ်၊ ဝင်းဒရယ်ကျေးရွာတွင် လည်း အဆိုပါ ခွဲထွက် DKBA အဖွဲ့သည် ဒေသခံကန့်ကွက်သည့်ကြားမှ ကျေးရွာထဲတွင် တပ်စခန်း အခိုင်အမာလာရောက်ချထားခြင်းကြောင့် လက်ရှိအချိန်တွင် ကျေးရွာထုများ စိုးရိမ်ကြောက်လန့်မှုဖြင့် နေထိုင်နေရကြောင်း သိရသည်။