အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များကြား နှစ်ဖက် တိုက်ပွဲများ ထပ်မံဖြစ်ပွားနေပြီး ကျေးရွာအတွင်းရှိ စစ်ရှောင်နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖောက်ထွင်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ပုလောမြို့နယ်၊ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က စစ်ရှောင်နေရ သည့် ဒေသခံများ၏ နေအိမ်များအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ပြီး နေအိမ်အတွင်းရှိ တန်းဖိုးရှိပစ္စည်းများကို ယူဆောင်လျက်ရှိသည်ဟု ပုလောမြို့နေ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“အဓိကကတော့ ရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်တာများတယ်။ မြို့ပေါ်ကိုလာပြီး ရှောင်နေကြတာတွေလည်း ရှိတယ်။ စကစကဒေသခံတွေ စစ်ဘေးရှောင်ပြီးဆိုတာနဲ့ အိမ်ထဲက ပစ္စည်းတွေကိုဝင်ယူကြတာက ထုံးစံလိုတောင် ဖြစ်နေပြီး”ဟု ၎င်းဒေသခံက အောက်တိုဘာ ၂၈ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြိတ်-ထားဝယ်-ပုလောလမ်းပိုင်းကို စစ်ကောင်စီကပြီးခဲ့သည့် အောက်တိုဘာ၂၃ ရက် နေ့တွင် ပြန်လည် ဖွင့်ပေးခဲ့ပြီးနောက်ပိုင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ ပုလောမြို့နယ်၊ သင်္ကန်း တောရွာအနီးတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်ဟု မြိတ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။
၎င်းက “ပကဖ တွေဘက်ကအဲ့ဒီလမ်းပိုင်းကို မသွားလာကြဖို့ထုတ်ပြန်ထားတယ်။ စစ်တပ်က ပြည်သူတွေကို ပေးသွား တယ်။ အဲ့ဒါလည်းပြီးရော ပြီးခဲ့တဲ့၂၆ရက်နေ့နောက်ပိုင်းက စပြီးတိုက်ပွဲတွေ ဆက်တိုက်ဖြစ်တယ်။ တိုက်ပွဲတွေ ကတော့ ပြင်းထန်နေတုန်းပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ရက်ရှည်တိုက်ပွဲများကြောင့် ပုလောမြို့နယ်အတွင်းရှိ ကြဲရွာ၊ တပိုရွာ၊ ဇရပ်ဆိပ်၊ မိန်းမမြို့၊ မင်းပြင် ကျေးရွာနှင့် ဘိုင်းပြင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၄,၀၀၀ ကျော်သည် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။
ထို့အပြင် ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မြိတ်အခြေစိုက် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်အောက်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ-၁၀၁)၊ (ခလရ-၁၀၃) (ခလရ-၁၀၇)အပြင် ပလောက်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၂၈၀) (ခလရ-၂၈၅) ပုလောမြို့အခြေစိုက် (ခလရ-၁၇)တပ်ရင်းမှ စစ်ကြောင်းများမှ စုပေါင်း၍ စစ်ကြောင်းထိုးခြင်း၊ နေအိမ်များအား မီးရှို့ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၏ ပြောဆိုချက်များအရ သိရသည်။