Home သတင်း ပိုင်ကျုံမြို့နယ်ရှိ ကျောက်ထုတ်လုပ်မှုကိစ္စ ခရိုင်နှင့်မြို့နယ်ပူးပေါင်း၍ ထပ်မံကွင်းဆင်းစိစစ်မည်ဟု ကေအဲန်ယူ ပြော

ပိုင်ကျုံမြို့နယ်ရှိ ကျောက်ထုတ်လုပ်မှုကိစ္စ ခရိုင်နှင့်မြို့နယ်ပူးပေါင်း၍ ထပ်မံကွင်းဆင်းစိစစ်မည်ဟု ကေအဲန်ယူ ပြော

84
Photo: ပိုင်ကျုံ KYO

အောက်တိုဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေး နယ်အတွင်းရှိ နယ်ခြားစောင့်တပ်-BGF စီမံသည့် ကျောက်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဖားအံခရိုင်နှင့် ပိုင်ကျုံမြို့နယ်တာဝန်ရှိသူများ ပူးပေါင်းပြီး ထပ်မံကွင်းဆင်းစိစစ်သွားမည်ဖြစ်ကြောင်း ခရိုင်ဥက္ကဋ္ဌ ပဒိုစောမော်အေးက ပြောသည်။

BGF တပ်ရင်း (၁၀၁၅)မှ ဗိုလ်မှူးဝင်းလှိုင်စိန် အုပ်ချုပ်စီမံသော အဆိုပါကျောက်ထုတ်လုပ်မှုကြောင့် ပေါင်အပါ အဝင် ကျေးရွာ(၃)ခုရှိ တောင်သူများပိုင် လယ်ယာမြေအပေါ် ကျောက်စလွှင့်စင်၍ လယ်မြေပျက်စီးပြီး လုပ်ငန်း ခွင်ထိခိုက်လာမှုအပေါ် ထိခိုက်နစ်နာသူဒေသခံများက ခရိုင်သို့ ကန့်ကွက်စာတင်ပြလာသဖြင့် စက်တင် ဘာလ(၂၁)ရက်နေ့က ပိုင်ကျုံမြို့နယ် ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပထမအကြိမ်သွားရောက် မှတ်တမ်းယူခဲ့ခြင်းဖြစ်သည်။

ကျောက်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက “ခရိုင်ကိုတင်ပြလာတာမှာ ကျနော်တို့ ညွှန်ကြားတာက တစ်လကျော်နှစ်လရှိပြီ။ အစပိုင်းကမြို့နယ်ကိုပဲညွှန်ကြားတယ်။ အခုတော့ ခရိုင်ကို ညွှန်ကြားထားတယ်။ ခရိုင်အတွင်းရေးမှူးဦးဆောင်ပြီးတော့ ပိုင်ကျုံမြို့နယ်နဲ့ပေါင်းပြီး တင်ပြလာတာဟုတ်မဟုတ် သွားကြည့်ပေါ့နော်။ ပြည်သူဘက်ကထိခိုက်မှုရှိရင် ဆက်မလုပ်ဖို့ BGF ကို ပြောမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ်ကတည်းက အာရှလမ်းဆောက်လုပ်ရာတွင် အသုံးပြုရန်ဟုဆိုကာ လုပ်ငန်းသက်တမ်း (၅)နှစ် ကတိကဝတ်ဖြင့် လုပ်ဆောင်လာသော အဆိုပါကျောက်ထုတ်လုပ်မှုကို ကျေးနယ်နှင့် BGF ပူးပေါင်း သဘော တူညီမှုဖြင့်သာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ထိုစဥ်ကတည်းက ကေအဲန်ယူ၊ ဖားအံခရိုင်ဘက်သို့ တိုက်ရိုက်အစီရင်ခံစာလာခြင်း မရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပိုင်ကျုံမြို့နယ်တာဝန်ရှိသူများ၊ ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့မှ အဆိုပါကျောက်ထုတ်လုပ်ငန်းနေရာသို့ ပထမအကြိမ် ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ဒေသခံတောင် သူများတင်ပြလာသည့်အတိုင်း ကျောက်စလွင့်စင် လယ်မြေပျက်စီးခြင်း အမှန်တကယ်ဖြစ်ပွား လျက်ရှိ ကြောင်းလည်း ကွင်းဆင်းရာတွင်ပါဝင်ခဲ့သည့် KYO အဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။

“လယ်မြေတွေက အဲဒီတောင်နားမှာပဲရှိတယ်။ စလုပ်တုန်းကလည်း ကျောက်တောင်ကိုပိုင်တယ်ဆိုတဲ့ဒေသခံနဲ့ လက်နက်ကိုင်တချို့နဲ့လုပ်သွားတာ။ သူတို့ရောင်းတော့ပိုက်ဆံရ သူတို့နဲ့လယ်မြေချင်းထိစပ်နေတဲ့ ဒေသခံတွေက ခံရတာပေါ့။ အပေါ်က ဘယ်လိုဆုံးဖြတ်မလဲမသိသေးဘူး၊ ကျနော်တို့လည်း ညွှန်ကြားချက်စောင့်နေတယ်” ဟု ထိုလူငယ်က ပြောသည်။

Photo: ပိုင်ကျုံ KYO

၎င်းအပြင် ထိုကျောက်ထုတ်လုပ်မှုကြောင့် လယ်မြေထိခိုက်ပျက်စီးရုံသာမက လုပ်ငန်းလုပ်ကိုင်သည့် အလုပ်သမားများက ဒေသခံပိုင်ခြံများအတွင်းဝင်ရောက် နေထိုင်ခြင်း၊ ပစ္စည်းခိုးယူခြင်းတို့ရှိလာသည့်အတွက် လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေဖြစ်လာသဖြင့် သက်ဆိုင်ရာကိုကန့်ကွက်တောင်းဆိုရကြောင်းလည်း ဒေသခံများက ပြောဆိုထားသည်။

ကေအဲန်ယူ ဖားအံခရိုင်အနေဖြင့် ထပ်မံကွင်းဆင်းလေ့လာပြီးနောက်ပိုင်းတွင် ပြည်သူလူထု၏တင်ပြချက်များ မှန်ကန်မှုရှိမရှိ စိစစ်လေ့လာသွားမည်ဖြစ်ပြီး အမှန်တကယ်ဆုံးရှုံးနစ်နာမှုရှိနေပါက ကျောက်ထုတ်လုပ်မှု ပိတ်သိမ်းသည်အထိ ဆောင်ရွက်မည်ဖြစ်သည်ဟု သိရသည်။

“ကျေးနယ်(၃)နယ်လုံးက ပြည်သူလူထုနစ်နာတယ်လို့ ပြောတယ်။ ဒါကို ဟုတ်မဟုတ် ကျနော်တို့ပြန်စိစစ်မယ်။ တအားနစ်နာတယ်ဆိုရင် သူတို့လိုချင်တဲ့အတိုင်း ပိတ်ပေးရမယ်လေ။ စလုပ်တုန်းက ကေအဲန်ယူကို တိုက်ရိုက် သတင်းပို့တာမရှိပေမယ့် ကျနော်တို့ပြန်ကြားတယ်၊ ပြည်သူနဲ့အဆင်ပြေရင်ပြီးတာပဲဆိုပြီး လွှတ်ထားတာ အခုလိုအဆင်မပြေဘူးဆိုရင် မထိခိုက်အောင်အရေးယူရမယ်။” ဟု ပဒို စောအောင်မော်အေးက ဖြည့်စွက်ပြောသည်။

ကျောက်တောင်အား လက်နက်ကိုင်အဖွဲ့အစည်း တာဝန်ရှိသူအချို့ထံ ရောင်းစားခြင်းနှင့် ကျောက်ထုတ် လုပ်မှုကြောင့် နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင်အန္တရာယ်နှင့် အခြားဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင် သည့်အပေါ်တွင်လည်း ကရင်လူထုအကြား ဝေဖန်မှုမြင့်တက်လျက်ရှိနေသည်။

အလားတူ အပစ်ခတ်ရပ်စဲရေးကာလမတိုင်ခင်က ကေအဲန်ယူအပြင် BGF တပ်များလှုပ်ရှားစိုးမိုးရာ နယ်မြေ ဖြစ်သော ပိုင်ကျုံမြို့နယ်တွင် ဆောက်လုပ်ရေးကုမ္ပဏီသို့ရောင်းစားရန် BGF စီမံသည့် ကျောက်ထုတ် လုပ်မှုကြောင့် ဒေသခံပိုင်လယ်မြေပျက်စီးခဲ့ရသည့် အခြေအနေမျိုးရှိခဲ့ဖူးပြီး ပျက်စီးသွားသောလယ်မြေအတွက် လျော်ကြေးငွေမရရှိခဲ့ကြောင်းလည်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ၏ မှတ်တမ်းအရ သိရသည်။