Home သတင်း ထားဝယ်တွင် သန်းခေါင်စာရင်းကောက်အဖွဲ့ ငွေကြေးတောင်းခံမှုရှိဟု ဒေသခံပြော

ထားဝယ်တွင် သန်းခေါင်စာရင်းကောက်အဖွဲ့ ငွေကြေးတောင်းခံမှုရှိဟု ဒေသခံပြော

82
Photo: DDMSC (စစ်ကောင်စီ၏ သန်းခေါင်စာရင်းနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ထားဝယ်သပိတ်က စည်းရုံးလှုံ့ဆော်သည့် မြင်ကွင်း။)

အောက်တိုဘာ ၂ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့များက သန်းခေါင်စာရင်းကောက်ယူချိန်တွင် ဒေသခံများထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည်ဟု မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ထားဝယ်မြို့ပေါ် ရပ်ကွက်များသို့ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များက သန်းခေါင်စာရင်း ကောက်ယူနေပြီး အသက် ၁၈ နှစ်ပြည့် ပြီးသူရှိသည့် အိမ်များကို တစ်ဦးလျှင် ၁,၅၀၀ ကျပ်နှုန်း ပေးဆောင်ရသည်ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သန်းခေါင်စာရင်းကောက်တာက တစ်ယောက်ကိုဓာတ်ပုံ (၂) ပုံအပြင်ကိုမှ တစ်အိမ်မှာအသက် ၁၈ နှစ် ပြည့် ပြီးသူတိုင်း တစ်ယောက်ကို ၁,၅၀၀ ပေးဆောင်ရတယ်။ လာကောက်တဲ့သူတွေက တောင်းတာ။ အိမ်မှာရှိတဲ့ ၁၈ နှစ် ပြည့်တဲ့ အယောက်တိုင်းပေးရတော့ အဆင်မပြေဘူး။ မပေးလို့လည်း မရဘူး။ တခြားရပ်ကွက်တွေတော့ ပေးရလား မပေးရလားမသိဘူး” ဟု သူမက ကေအိုင်စီသို့ အောက်တိုဘာ ၂ ရက်နေ့တွင် ပြောသည်။

ယခုလို သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ငွေတောင်းခံရသည့်အကြောင်း အရင်းနှင့် ပတ်သက်၍ ကေအိုင်စီက တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိချိန်ထိ ဆက်သွယ်မရ ဖြစ်နေသည်။

၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်မှ စတင်၍ ၁၅ ရက်နေ့အထိ ကောက်ယူ သွားမည်ဖြစ်ပြီး ရရှိသည့်အချက်အလက်များပေါ်မှုတည်ကာ ရှေ့ပြေးသန်းခေါင်စာရင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်သွားရန်ရှိသည်ဟု စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့က ပြောဆိုထားသည်။

အခြားတစ်ဖက်တွင်မူ ယခုလိုစစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူနေသည့် အရေးကိစ္စနှင့် ပတ် သက်၍ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) တာဝန်ရှိသူကို မင်းလွင်ဦးက သန်းခေါင်စာရင်း ကောက်ယူမှုများကို လက်မခံကြရန်နှင့် ရွေးကောက်ပွဲကို အတူတကွဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။

ထို့အပြင် သန်းခေါင်စာရင်း ကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအပြင် အာဏာရှင် တော်လှန်ရေး သပိတ်အင်အားစုများက လက်မခံကြောင်းနှင့် ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။