Home သတင်း စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်ဖြစ်လာပြီး အနန်းကွင်းစခန်းသို့ စစ်ကူပို့ခံရသူတချို့ ထွက်ပြေး

စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်ဖြစ်လာပြီး အနန်းကွင်းစခန်းသို့ စစ်ကူပို့ခံရသူတချို့ ထွက်ပြေး

239
Photo: CJ

အောက်တိုဘာ ၂ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် အနန်းကွင်း စစ်ကောင်စီတပ်စခန်းသို့ စစ်မှုထမ်းဥပဒေကြောင့် စုဆောင်းခံရပြီးနောက် စစ်ကူအဖြစ် ပို့ဆောင်ခံရသူတစ်ချို့ ထွက်ပြေးမှု ဖြစ်ပေါ်နေသည်ဟု နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တာဝန်ရှိသူက ပြောသည်။

အဆိုပါ စခန်းသို့ စစ်ကူပေးရန် အင်အား ၂၀၀ ခန့် လိုက်ပါလာသော စစ်ကြောင်းထဲ၌ စစ်မှုထမ်း ဥပဒေအရ တပ်သားသစ်ဖြစ်လာသူ အများအပြားပါဝင်ကာ ထွက်ပြေးလာသူများကို ဒေသတွင်းရှိ ကေအဲန်ယူက ထိန်းသိမ်း ထားသည်ဟု သိရသည်။

“ကျနော်တို့က စစ်ထဲကိုဝင်ချင်လို့ ဝင်တာမဟုတ်ဘူး၊ စစ်မှုထမ်းဥပဒေကြောင့် မဖြစ်မနေ ရောက်သွားတာ။ ဘယ်စခန်းကို စစ်ကူတက်ရတာလဲမသိဘူး။ အနေဆင်းရဲ အစားဆင်းရဲ နေရတယ်။ အခုအပြင်ရောက်မှ အဆင်ပြေသွားတယ် ပျော်သွားတယ်။ တပ်ရင်းမှာ ကျန်ရှိတဲ့ မလွတ်မြောက်သေးတဲ့ကျနော့်သူငယ်ချင်းကို ပြောချင်တာက လွတ်မြောက်အောင် ထွက်ပြေးခဲ့ပါလို့ပြောချင်ပါတယ်” ဟု တပ်သားသစ် ဇော်မျိုးလှိုင်က ပြောသည်။

စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံဖြူဇရပ်လမ်းရှိ ရဲတံခွန်၊ ပယောဟဲ(ဇီးနှစ်ပင်)၊ ဆင်တောင်စသည့် အနီးဝန်းကျင်တွင်လှုပ်ရှားလျက်ရှိရာ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးရှိပြီဖြစ်ပြီး အနန်းကွင်းတပ်စခန်းအတွင်းမှလည်း ၅ ဦးထွက်ပြေးသွားသည်ဟု မြေပြင် KNLA သတင်းရင်းမြစ်တစ်ခုက ပြောသည်။

Photo: CJ

၎င်းက “အခုက သူတို့ကို လုံခြုံရာနေရာကို ကေအဲန်ယူဘက်က ထိန်းသိမ်းထားတယ်။ စစ်ကူစစ်ကြောင်းကနေ ထွက်ပြေးတာက ၁၀ ဦးရှိပြီးတော့ အနန်းကွင်းစခန်းထဲကနေ ပြီးခဲ့တဲ့ တစ်လနှစ်လက နှစ်ဦး၊ နောက်ပြီး ၃ ဦး ထပ်ပြေးတာ ရှိတယ်။ အနန်းကွင်းစခန်းက သူတို့ပြေးပြီး နေရပ်ပြန်ဖို့ ကျနော်တို့ဘက်က ဖမ်းဆီးမိတာ”ဟု ၎င်းက ပြောသည်။

စစ်ကူစစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသည် လက်နက်မပါဘဲ ကိုယ်လွတ်ထွက် ပြေးလာသူများ ဖြစ်ပြီး အများစုမှာ ဆင့်ခေါ်စာနှင့် အဓမ္မတပ်ထဲဝင်ရသည့် လူငယ်များ ဖြစ်ကြသည်။

အနန်းကွင်း စစ်ဗျူဟာတပ်စခန်း မကျစေရေးအတွက် စစ်ကောင်စီဘက်မှ မြေပြင်စစ်ကူအများအပြားနှင့် ခုခံတိုက်ခိုက်နေသလို လေကြောင်းစစ်ကူနှင့် လက်နက်ကြီးပစ်ကူမှုများကြောင့် အနီးအနားဝန်းကျင်ရှိ ကျေးရွာလူထု ထောင်နှင့်ချီ ထွက်ပြေးနေရဆဲဖြစ်သည်။ အနန်းကွင်းရွာလုံးကျွတ် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးလို့ ကျေးရွာရှိ လူနေအိမ် ထက်ဝက်ခန့် မီးလောင် ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ထိုဒေသအတွင်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများသို့ ဝဲကလီ စစ်ကောင်စီတပ်စခန်းက ရံဖန်ရံခါ လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် ဒေသခံလူထု မကြာခဏ ထွက်ပြေးနေရသည်ဟု သိရသည်။