Home သတင်း စစ်ကောင်စီ လေးကေကော် အမြောက်ကုန်းစခန်းမကျစေရေး လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ

စစ်ကောင်စီ လေးကေကော် အမြောက်ကုန်းစခန်းမကျစေရေး လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ

327
Photo: Federal Wings

အောက်တိုဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ၏ တိုက်ခိုက်ခြင်းခံရသည့် မြဝတီမြို့မြောက်ဘက် လေးကေကော်မြို့သစ်အနီးရှိ စစ်ကောင်စီအမြောက်ကုန်း(စွယ်တော်ကုန်း)စခန်း မကျစေရေးအတွက် လေကြောင်းဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်နေသည်ဟု စစ်ရေးနယ်မြေအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး အမြောက်ကုန်းစခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝိုင်း ပတ်ပိတ်ဆို့တိုက်ခိုက်နေသည့်အခြေအနေမှ စက်တင်ဘာလ ၂၉ ရက်နေ့တွင် တိုက်ပွဲအရှိန်မြင့် တိုက်ခိုက် လာမှုကို စစ်ကောင်စီဘက်က လေကြောင်းစစ်ကူဖြင့် စစ်စခန်းမကျစေရေး ခုခံတိုက်ခိုက်လျက်ရှိသည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

စစ်ရေးနယ်မြေ တာဝန်ရှိသူတစ်ဦးက “အမြောက်ကုန်းကတော့ တော်တော်လေးပျက်စီးနေပြီ။ ဗျူဟာမှူးလည်း လက်နက်မချဘူးဆိုတော့ ဆက်တိုက်နေတာပေါ့။ သူတို့ ကွန်ကရစ်ဘန်ကာတွေ ပြိုနေပြီ၊ ရိက္ခာခဲ ယမ်းလည်း မီးလောင်ကုန်ပြီ။ လေယာဉ်ပဲအားကိုးရှိတော့တယ်။ မြေပြင်မှာတော့ သူတို့ စစ်တပ်စနိုက်ပါရှိနေသေးတယ်။ စစ်သတင်းကတော့ တာဝန်ရှိတဲ့သူတွေ ထုတ်ပြန်ပါလိမ့်မယ်”ဟု ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း လေးကေကော်၊ မယ်ဝါးခီး၊ မယ်ထော်သလေး၊ မင်းလက်ပံ ၊ လက်ခတ် တောင်၊ ရသေ့ဂူကျေးရွာများဘက်ကိုပါ Y12 ‌ဗုံးကြဲလေယာဉ်၊ MiG 29 တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးကြီး များ၊ ရော့ကက်ဒုံးများဖြင့် ပျံသန်းပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

” တိုက်ပွဲက ပြောရမယ်ဆိုရင်တော့ ၂၉ ရက်ကနေ ၃၀ ရက်ည အထိကို လေယာဉ်တစ်ခေါက်ပြီး တစ်ခေါက်လာဝဲပြီး ကြဲချပစ်ချတာ ည ၉ နာရီ လောက်အထိပေါ့။ အခု မြဝတီ၂၇၅ မှာလည်း စစ်တပ်ကပြန်ပြီး လက်နက်ကြီးဆင်ပြီး လက်ခတ်တောင်နဲ့လေးကေကော်ဘက်ကို ပစ်ကူပေးတာလည်းရှိတယ်။ အမြောက်ကုန်း စစ်စခန်းထဲကတော့ သိပ်မကျန်တော့ဘူး”ဟု KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေးကေကော်အနီးရှိ စစ်ကောင်စီအမြောက်ကုန်း(စွယ်တော်ကုန်း)စခန်းကို ၂၀၀၃ ကတည်းက လာရောက် အခြေချ တပ်စွဲလာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၂၇၅) အပါအဝင် ခြေမြန်တပ်ရင်း (ခမရ ၈)၊ (ခမရ ၁၈၈)နှင့် (ခမရ ၁၀၂) တို့ ပူးပေါင်းအခြေချတပ်စွဲနေထိုင်လျက်ရှိသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။

အဆိုပါ ပူးပေါင်းတပ်ရင်းမှ တပ်ဖွဲ့အင်အား ၁၀၇ ဦးရှိသည်ဟု ယခင် စာရင်းအရ ဖော်ပြထားသော်လည်း လက်ရှိအချိန်တွင် ထိခိုက်သေဆုံးမှုများပြား၍ အင်အား ၇၀ အောက်သာ ကျန်ရှိသည်ဟု တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောဆိုသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီ၊ ဘုရားသုံးဆူနှင့် ဖာပွန်ဒေသအတွင်း စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်မှုနေ့စဉ် လုပ်ဆောင်နေပြီး မြေပြင်တွင် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ က စစ်ကောင်စီ စစ်စခန်းများအား ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှု ဆက်ရှိနေကြောင်း သိရှိရသည်။