အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၅)၊ ဖာပွန်ခရိုင်၊ ခေါပုတ်ဒေသရှိ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ၏ ဝိုင်းဝန်းပိတ်ဆို့မှုခံနေရသော ခေါပုတ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် ကျန်ရှိသည့် လက်နက်ခဲယမ်းအများအပြားကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၁၉)၊ ခြေမြန်တပ်ရင်း (ခမရ-၄၃၄၊ ၃၄၁၊ ၃၄၀) တို့ ပူးပေါင်း တပ်စွဲထားသည့် အဆိုပါတပ်စခန်းကို KNLA ပူးပေါင်းတပ်ဘက်က ပြီးခဲ့သည့် အောက်တိုဘာလ ဆန်းပိုင်းကတည်းက ပိတ်ဆို့ တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ အောက်တိုဘာ(၂၉) ရက်နေ့တွင် စခန်းတွင်း ဝင်ရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ဆုတ်ခွာ သွားခြင်းဖြစ်ကြောင်း ကေအဲန်ယူ စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
“အရင်ရက်တွေကတော့ ဒရုန်းနဲ့ပေါ့။ မနေ့က မနက်(၇)နာရီမှာ KNLA ကစပြီး တက်တယ် ခဏလေးနဲ့တင်ရတယ်။ ကျနော်တို့တက်လာတာနဲ့စကစ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ဘက်ကပြေး တာပဲ။ ကျနော်တို့ ဘက်ကတော့ထိခိုက်ဒဏ်ရာရတာဘာမှမရှိဘူး” ဟု အဆိုပါ ကေအဲန်ယူ သတင်း အရင်းအမြစ်က ကေအိုင်စီသို့ အတည်ပြုပြောသည်။
ခေါပုတ်စခန်းကို သိမ်းဆည်းရမိစဥ် စစ်ကောင်စီထံမှ ကျည်အရေအတွက် ထောင်ချီနှင့် မိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များကို သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်ထံမှ သိရသည်။
KNLA ပူးပေါင်းတပ်ဘက်မှ ခေါပုတ်စခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားစဥ် စစ်ကောင်စီက အဆိုပါ ဒေသနှင့်အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် ပြီးခဲ့သည့် အောက်တိုဘာ လ(၂၆)ရက်နေ့က ဗုံးအလုံးရေ (၄၀)ဝန်းကျင်ကြဲချတိုက်ခိုက်ခံခဲ့ရကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များ တစ်ဆထက်တစ်ဆ တိုက်ခိုက်သိမ်းပိုက်လာခဲ့ရာမှ ယခင် စစ်တပ်စခန်း ၇၀ ကျော်မှ ယခုအောက်တိုဘာလအထိ ၁၀ ခုဝန်းကျင်သာ စစ်ကောင်စီ ထိန်းသိမ်းထားနိုင်တော့ သည်ဟုလည်း တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုထားသည်။
လက်ရှိ KNLA ဘက်ကသိမ်းဆည်းရမိခဲ့သော ခေါပုတ်စခန်းမှာလည်း ဝိုင်းရံပိတ်ဆို့ခံရသည့် စခန်းနှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး စစ်ကောင်စီ၏ မြေပြင်ရိက္ခာလမ်းကြောင်းများကို KNLA ဘက်ကပိတ်ဆို့ထားနိုင်သဖြင့် လေကြောင်းအသုံးပြု၍သာ ရိက္ခာထောက်ကူလုပ်နေရသည့် စခန်းဖြစ်သည်ဟု စောကလယ်ဒို့က ပြောသည်။


















