အောက်တိုဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှု နှင့် ရွေးကောက်ပွဲ ပြုလုပ်မည့်အစီအစဉ်ကို သပိတ် မှောက်ရန် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာ၏လူစည်ကားရာ နေရာတွင် ယမန်နေ့က အသိပညာပေးစည်းရုံး လှုံ့ဆော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီက ပြုလုပ်ကျင်းပရန် စီစဉ်နေသည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်မျှတမည်မဟုတ်သလို ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက်သာဖြစ်၍ ဝိုင်းဝန်း ဆန့်ကျင် သပိတ်မှောက်ရန် စည်းရုံး လှုံ့ဆော်ရခြင်းဖြစ်ကြောင်း (DDMSC)၊ စည်းရုံးလှုံ့ ဆော်ရေးဆပ်ကော်မတီ၏ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ လူငယ် တွေကို ထောင်သွင်းအကျဉ်းချထားပြီးတော့မှ သူတို့ လုပ်ချင်သလို လုပ်မဲ့ရွေးကောက်ပွဲက အတုအယောင်ပဲ ဖြစ်မယ်ဗျာ။ ဒါက သူတို့အာဏာ တည်မြဲရေးအတွက် ဥပဒေအရ စစ်အာဏာရှင်စနစ်ကို ပုံသွင်းဖို့ အတွက်ပဲ။ သူတို့ နိုင်ငံရေးထွက် ပေါက်တစ်ခုအနေနဲ့ လုပ်မဲ့ရွေးကောက်ပွဲတစ်ခုသာဖြစ်တယ်ဗျာ့။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အခုအောက်တိုဘာ ၁ ရက်မှစ၍ ၁၅ ရက်နေ့အထိ ကောက်ယူမည့် သန်းခေါင်စာရင်း မှာလည်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန်ထက် ၎င်းတို့ကို ဆန့်ကျင် တော်လှန်သူများ၏ အချက်အလက်များကို စုဆောင်းရရှိရန် ရည်ရွယ်ချက်များလည်း ပါဝင်နိုင်ကြောင်း ဦးမင်းလွင်ဦးက ဆက်ပြောသည်။
DDMSC က ဦးဆောင်ပြီး သန်းခေါင်စာရင်းနှင့် ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ရေး လှုပ်ရှားမှုများကို လောင်းလုံးမြို့နယ်၊ ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်တွင် အဓိကထားစည်းရုံးလှုံ့ဆော်ခြင်း ဖြစ်ပြီး လက်ရှိ လောင်းလုံးမြို့နယ်၌ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်ပြီး အထွေ အထူးလှုပ်ရှားမှု မရှိကြောင်းလည်း ဦးမင်းလွင်ဦးက ဖြည့်စွက်ပြောသည်။
သို့သော် စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားရာ ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင်မူ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၁၅ ရက်နေ့အထိ သန်ခေါင်စာရင်း ကောက်ယူရန်အတွက် ကြေငြာထားကြောင်း သိရသည်။
လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခု အောက်တိုဘာ ၁ ရက်မှစပြီး ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်ကိုလည်း စစ်ကောင်စီကို ဆန့်ကျင်ကြသည့် နိုင်ငံရေး အင်အားစုများ၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက လက်မခံကြသလို နိုင်ငံတကာ၏ အားပေး ထောက်ခံမှုလည်း မရရှိကြောင်း သိရသည်။
စစ်ကောင်စီ အနေဖြင့် စစ်ရေး၊ နိုင်ငံရေး အရ အဖက်ဖက်တွင် ရှုံးနိမ့်မှုမှ ရုန်းထွက်နိုင်ရန် ၎င်းတို့ တရားဝင်မှု ရရှိရေးအတွက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရယူပြီး နိုင်ငံရေးထွက်ပေါက် ရရှိရန် ကြိုးပမ်းလုပ်ဆောင် မှုသာဖြစ်ကြောင်းလည်း အတိုက်အခံအင်အားစုဘက်က ထောက်ပြဝေဖန်ထားသည်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကို ထားဝယ်လူထုသပိတ်အား ဦးဆောင် ခဲ့သောလူငယ်များ၊ ဒေသအလိုက်သပိတ်ကော်မတီများနှင့် တော်လှန်ရေး အင်အားစုများစုပေါင်း၍ ထားဝယ်ခရိုင်အတွင်း လူထုသပိတ်ဦးဆောင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားကြောင်းသိရသည်။