(စကစ)စစ်အုပ်စုရဲ့ အကျပ်အတည်းနဲ့ ကလိန်ကျတဲ့ကောက်ကျစ်မှုတွေ
မောင်ကျော်စွာ
(၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်)
စက်တင်ဘာလ (၂၆)ရက် နေ့စွဲဖြင့် (စကစ)စစ်အုပ်စု၊ သတင်းထုတ်ပြန်ရေးအဖွဲ့က “နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း” ဆိုတဲ့ ခေါင်းစီးဖြင့် သတင်းတစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
ယခုဆောင်းပါးရေးတဲ့ရက် (၁၁-၁၀-၂၀၂၄) ရက်ဆိုလျှင် ၁၅ ရက် (ရက်သတ္တပတ် ၂ပတ်)ခန့်ကြာမြင့် လာခဲ့ပြီ ဖြစ်သော်လည်း အဲဒီ “ကမ်းလှမ်းဖိတ်ခေါ်ခြင်း” ဆိုတဲ့အပေါ် ပြည်တွင်းပြည်ပ ဘယ်နေရာကမှ ဘယ်သူကမှ အရေးတ ယူလုပ်တာမျိုး ဆေးဖော်ကြောဖက်လုပ်တာမျိုး မတွေ့မမြင်မိသေးပါဘူး။
ဒါကလည်း အောက်ပါ အကြောင်းအချက် ၂ရပ်ကြောင့်ပဲဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။
ပထမအချက်က (စကစ)စစ်အုပ်စု စစ်ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်တဲ့ “ကမ်းလှမ်းဖိတ် ခေါ်ခြင်း” မှာပါရှိတဲ့ စကားလုံးအသုံးအနှုန်း၊ အရေးအသားနဲ့ သဘောထားပုံတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒုတိယအချက်က အချိုးအကွေ့ပေါင်းများစွာမှာ အကြိမ်ကြိမ်ကြုံဖူးကြတဲ့ သမိုင်းလက်တွေ့ဖြစ်ပါတယ်၊ တစ်နည်းအားဖြင့် ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက် ဗိုလ်နေဝင်းစစ်အုပ်စု နိုင်ငံတော်အာဏာသိမ်းပိုက်ပြီးနောက် နိုင်ငံရေး ဇာတ်ခုံပေါ်တက်လာတဲ့နေ့စတင်ပြီး ဒီနေ့ ဗိုလ်မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုထိ အုပ်စိုးသူ စစ်အုပ်စုအဆက် ဆက်ရဲ့ လှည့်စားလိမ်ညာမှု၊ သွေးခွဲရန်တိုက်မှုနဲ့ ဖိနှိပ်ချေမှုန်းမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာတစ်ရပ်ကို သွေးရိုးသားရိုး ဖြေရှင်းလိုတာမှန်ရင် ပထမခြေလှမ်းဖြစ်တဲ့ ကမ်းလှမ်းဖိတ်ခေါ် ချက်မှာ ရေးသားတဲ့ စကားလုံးအသုံးအနှုန်းတွေကအစ တန်းတူတဲ့သဘောထားကို အထင်အရှားဖော်ပြနိုင်တဲ့ ပြေပြစ် ချေငံတဲ့ စကားလုံးအသုံးအနှုန်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။
အခုတော့ (စကစ)စစ်အုပ်စု စစ်ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်တဲ့ “ကမ်းလှမ်းဖိတ်ခေါ် ခြင်း”ဟာ တစ်ဖက်သတ်စွပ်စွဲ အပြစ်ဖို့ထားပြီး ရင့်သီးမောက်မာတဲ့သဘောထားကို “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ အကြမ်းဖက်၊ အကြမ်းဖက်တိုက်ခိုက်၊ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်၊ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များ” စတဲ့ စကားလုံးတွေနဲ့ စော်စော်ကားကား ရေးသားထားတယ် မဟုတ်ပါ လား။
ဇာတ်တော်ထဲမှာ ဆဒ္ဒန်ဆင်မင်းသခင်ရဲ့ အစွယ်ကိုလိုချင်တဲ့ ငမိုက်သားမုဆိုး “သောနုတ္တရ”ကတော့ သင်္ကန်း ရုံပြီးမှ လေးနဲ့ပစ်တာ မဟုတ်ပါလား။
အခုတော့ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုဟာ “သောနုတ္တရမုဆိုး”လို (သင်္ကန်းရုံပြီး) လှည့်စားမနေနိုင် တော့ဘဲ အင်မတန် ရင့်သီးဗြောင်ကျလွန်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ဖိတ်ခေါ်နေပါတယ်။
ဘာကြောင့်လဲ။
အချက် ၂ချက်ရှိလိမ့်မယ်လို့ ယူဆပါတယ်။
ပထမအချက်က ပြည်တွင်းပြည်ပကို “သူတို့ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုသူတွေ သာဖြစ်ပါတယ်”ဆိုတဲ့ လိမ်ညာလှည့်စားမှုကို အကိုးအကားတစ်ခုသဖွယ် ပြောနိုင်ပြနိုင်ဖို့ ဒီကမ်းလှမ်းချက်ကို ဝတ်ကျေတမ်းကျေ ထုတ်ပြန်တာဖြစ်ပါတယ်။
ဒုတိယအချက်က “အကြမ်းဖက်၊ အကြမ်းဖက်လမ်းစဉ်၊ အကြမ်းဖက်သောင်းကျန်းသူ”စတဲ့ ရင့်သီးမောက်မာ လွန်းတဲ့စကားလုံးတွေကို သုံးစွဲရတာကလည်း သူတို့ဟာ တိုင်းပြည်နဲ့ပြည်သူ့အကျိုးအတွက် “အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အဖွဲ့အစည်း၊ အကြမ်းဖက်အုပ်စုတွေကိုပါ ကမ်းလှမ်းဖိတ်ခေါ်နေတာ ဖြစ်တယ်” ဆိုတဲ့ ဆင်ခြေလိမ်ကို ပေးဖို့အတွက် ကလိန်စေ့ငြမ်းဆင်နေတာ၊ အကွက်ဆင်နေတာပဲ ဖြစ်ပါတယ်။
ဒီလို ကလိန်စေ့ငြိမ်းဆင်ထားတဲ့ မောက်မာရင့်သီးရိုင်းပြတဲ့ စကားလုံးတွေနဲ့ “ကမ်းလှမ်းဖိတ်ခေါ်ချက်”ကို မိမိ ကိုယ်ကို၊ မိမိပါတီအဖွဲ့အစည်းကို၊ မိမိယုံကြည်ကိုင်စွဲထားတဲ့ နိုင်ငံရေး/စစ်ရေးလမ်းစဉ်ကို လေးစားတန်ဖိုးထားတဲ့ ဘယ်လိုအဖွဲ့အစည်းက အချိန်ပေး အရေးတယူလုပ်ပြီး တုန့်ပြန်နေကြတော့မှာလဲ။
(စကစ)စစ်အုပ်စုက တကယ်ပဲ “နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးလိုတာပါဆိုရင်”
– (၂-၉-၂၀၂၄) ရက်စွဲနဲ့ MNDAA – TNLA နဲ့ ULA/AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့တာကို ရုပ်သိမ်းပယ် ဖျက်ပေးနိုင်ပါရဲ့လား။
– တစ်ပြည်လုံးအနှံ့ ဗုံးကြဲနေတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်နေတာ၊ စစ်ဆင်စစ်ထိုးနေတာတွေကို ရပ်စဲကြောင်း ကြေညာ ဝံ့ပါသလား။
– လုပ်ကြံစွပ်စွဲ အမှုဆင်ထောင်ချထားတဲ့ “ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးဝင်းထိန်တို့ အပါအဝင် နိုင်ငံရေးအ ကျဉ်းသားအားလုံးကို လွှတ်ပေးဝံ့ပါသလား။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)လို့ စကားလုံး တိတိကျကျနဲ့ ရေးသားပြီး ကမ်းလှမ်း ဖိတ်ခေါ်ဝံ့ပါသလား။
– နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးရာမှာ “၂၀၀၈အခြေခံဥပဒေကို လိုက်နာအသိအမှတ်ပြုစရာ မလိုဘဲ” ဆွေးနွေးနိုင်ပါ တယ်လို့ ထည့်သွင်းထုတ်ပြန် ကြေညာဝံ့ပါသလား။
ဒီလို အချက်အလက်တွေသာ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုရဲ့ ကမ်းလှမ်းချက်ထဲမှာ တိကျရှင်းလင်းစွာ ပါရှိလာမယ်ဆိုရင်တော့ အခြားဖက်တွေကလည်း လိုအပ်သလို တုန့်ပြန်နိုင်စရာတွေ၊ တုန့်ပြန်လာစရာတွေရှိလိမ့်မယ် လို့ မျှော်လင့်တွေးထင်မိပါတယ်။
လက်ရှိမှာ တရားဝင်နိုင်ငံရေးပါတီ ၅၀ (တစ်နိုင်ငံလုံး စည်းရုံးမယ့်ပါတီက ၉ပါတီ + တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီ ၄၁ ပါတီ = ၅၀ ပါတီ) ရှိနေပါတယ်။
ပျမ်းမျှခြင်းအားဖြင့် ပါတီ ၂၀ – ၂၅ပါတီလောက်ကသာ (စကစ)စစ်အုပ်စုရဲ့ “အကြမ်းဖက်သမား/ အကြမ်းဖက် လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်တွေ – နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကမ်း လှမ်းဖိတ်ခေါ်ခြင်း”စတဲ့ ထွေလီကာလီကြေညာချက်တွေ ထုတ်ပြန်ရာမှာ ပါဝင်ကြရတာကို တွေ့နေရပါတယ်။
ပူးတွဲကြေညာချက်ထုတ်ကြတဲ့ ပါတီ ၂၀ – ၂၅ပါတီ ဆိုတာမှာလည်း ကြံ့ဖွံ့ပါတီ၊ တစည ပါတီ စတဲ့ စစ်အုပ်စုရဲ့ လက်ကိုင်တုတ်ပါတီတွေနဲ့ စပွန်ဆာပါတီတွေက အများစုပါ။ တချို့ကတော့ နီးရာဓားကြောက်ကြရလို့ နိုင်ငံရေး ပေါ်တာ အဆွဲခံရလို့၊ အကြပ်ကိုင် ဖိအားပေး အနိုင်ကျင့်တာကို ခံကြရလို့ပဲ ဖြစ်ပါလိမ့်မယ်။
အဲဒီပူးတွဲကြေညာချက်တွေကို ကြံ့ဖွံ့ပါတီက ဦးဆောင်လေ့ရှိပြီး တစညပါတီ၊ စိုင်းအိုက်ပေါင်းတို့ရဲ့ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ ဒီမိုကရေစီသစ်ပါတီ(ကချင်)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုး သားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်၊ လူထုပါတီ၊ လေဘာပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ခူမီးအမျိုးသားပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးပါ တီ၊ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ဒီမိုကရက်တစ် အင်အားစုလေဘာပါတီ၊ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ က အမြဲတမ်းလိုလို ပါဝင်လေ့ရှိတာ တွေ့နိုင်ပါတယ်။
အလွယ်မြင်နိုင်တဲ့အချက်ကတော့ ဒီပါတီတွေဟာ သူတို့မှာ လွတ်လပ်မှုမရှိဘဲ ချုပ်ကိုင်ခံထားရတဲ့ အချက်ပါ ပဲ။ သူတို့ကိုယ်ပိုင်သဘောထားအမြင်ကို လွတ်လပ်စွာ သီးခြားထုတ်ပြန်နိုင်စွမ်းမရှိကြဘဲ စစ်အုပ်စုက ကြံ့ဖွံ့တို့၊ တစည ပါတီတို့ကနေတဆင့် ကြိုးကိုင်စေခိုင်းမှုကို နာခံကြရတဲ့အချက်ပါပဲ။
သို့သော်လည်း (၂-၉-၂၀၂၄)ရက်နေ့မှာ MNDAA – TNLA နဲ့ ULA/AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် (စကစ) စစ်အုပ်စုရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး (၃-၉-၂၀၂၄)ရက်နေ့မှာထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ (၂၅)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်မှာတော့ စိုင်းအိုက်ပေါင်းတို့ရဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မပါတာကို သတိပြုမိပါတယ်။ ဒါကလည်း MNDAA တို့ TNLA တို့နဲ့ ကျားဖြူကို ဆက်သွယ်လို့ရအောင်အ ကွက်နဲ့ တမင်ချန်လှပ်ထားတာလို့ ယူဆရပါတယ်။
အခုတော့ (စကစ)စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ သတင်းစာတွေထဲမှာ ကျန်တဲ့ တရားဝင်နိုင်ငံရေးပါတီ ၂၀ ကျော်ဟာ စစ်အုပ်စုက ထုတ်ပြန်ခိုင်းတဲ့ “ပူးတွဲကြေညာချက်တွေ”မှာ မပါဝင်လို့ဆိုပြီး နာမည်အမျိုးမျိုးခံထားကြတဲ့ စစ်အုပ်စုကလောင်တွေက ခနိုးခနဲ့ ရေးနေကြပါတယ်။
နိဂုံးချုပ်ရရင် (စကစ)စစ်အုပ်စုဟာ ဘာပဲလုပ်လုပ် အရာရာနဲ့အကြောင်းကြောင်းဆိုသလို ပြည်တွင်းပြည်ပမှာ အကျပ်အတည်းအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။
“နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း”ဆိုတာကို (စကစ)စစ်အုပ် စုရဲ့ အကျပ်အတည်းကို ဖော်ပြတာပါ။
အကျပ်အတည်းကို အဲဒီလိုဖော်ပြလိုက်တော့မှပဲ (စကစ)စစ်အုပ်စုရဲ့ ကလိန်ကျမှုနဲ့ ကောက်ကျစ်ညစ်ပတ်မှု ပါ အတူရောပြီး ပွင့်ကျသွားပြန်ပါတယ်။