အောက်တိုဘာ ၂၄ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်အတွင်းရှိ စစ်ဘေးနှင့် သဘာဝ ဘေးဒဏ်ခံရသူများကို ခရိုင်တာဝန်ရှိသူများနှင့် ကေအဲန်ယူ၊ ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန လက်အောက်ရှိ ကရင်ပြည်တွင်းဌာနေစွန့်ခွာတိမ်းရှောင်သူများရေးရာကော်မတီ (CIDKP) ဗဟို၊ ခရိုင်တာဝန်ရှိသူများ ပူးပေါင်းကာ ကျပ်သိန်း ၇၅၀၀ ကျော် ကူညီထောက်ပံ့ခဲ့သည်ဟု ကေအဲန်ယူက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တပ်မဟာ(၃)နယ်မြေ/ခလယ်လွီထူခရိုင်အတွင်းရှိ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒုက္ခ ရောက်နေကြရသည့် မြို့နယ် ၃ မြို့နယ်ရှိ၊ ကျေးရွာပေါင်း၂၉ ရွာတွင် စုစုပေါင်း အိမ်ခြေ ၃,၀၉၃ လုံး တို့မှ ဒေသခံ ပြည်သူ ၁၆,၁၁၂ ဦးအား ကျပ်ငွေ ၇၅၉,၉၆၄,၀၀၀ (သိန်း ၇,၅၀၀ ကျော်) ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့ တွင် သွားရောက်ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက တပ်မဟာ(၃)နယ်မြေရှိ၊ မြို့နယ် ၃ ခုအတွင်း ကျေးရွာများပေါ်သို့ လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်ခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း သဘာဝဘေးအန္တရယ်များကြောင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲ ပြဿများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့က မြန်မာပြည်တွင်းရှိ စစ်ရှောင်များကို ထိုင်းနိုင်ငံက ပထမအသုတ်ပေးပို့လာသည့် လူသားချင်းစာနာမှု အကူအညီများကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်များကို နယ်စပ် ဖြတ် ကျော် ပေးပို့သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခပိုမိုပြင်းထန်လာပြီး နိုင်ငံနေရာအများစုတွင် စစ်ဖြစ်ပွားလျက်ရှိသည်။ ၃ နှစ် ကျော်ကာလအတွင် မြန်မာနိုင်ငံတွင် စစ်ဘေးရှောင် ပြည်သူ ၃ သန်းနီးပါးရှိပြီးဖြစ်သလို ကေအဲန်ယူ နယ်မြေ အတွင်းတွင်လည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသူ ၇ သိန်းကျော် ထိရှိပြီးဖြစ်သည်။ ထိုထဲတွင် ခလယ်လွီထူ ခရိုင် တွင် စစ်ဘေးရှောင်အများဆုံး ဖြစ်ကြောင်း သိရသည်။



















