Home သတင်း ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီက စစ်ဆေးမှုများတင်းကြပ်နေ

ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီက စစ်ဆေးမှုများတင်းကြပ်နေ

494
Photo: လူမှုကွန်ရက်

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်အတွင်းရှိ မြို့နယ် များတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့ သန်းခေါင်စာရင်း ကောက်ချိန်မှစ၍ လုံခြုံရေး တင်းကြပ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်းရှိ ကေအဲန်ယူ တာဝန်ရှိသူက ပြောသည်။

ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်၊ ဆောထိမြို့နယ်အတွင်းရှိကျေးရွာများတွင် သွားလာချိန် စစ်ကောင်စီဘက်က ယခုလို လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမှုပိုမိုလုပ်ဆောင်လာသည်ဟု ကေအဲန်ယူ၊ ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ကေအိုင်စီသို့ အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြောသည်။

“စစ်ဆေးမှုကတော့ ရှိတယ်။ သန်းခေါင်စာရင်း စပြီးကောက်ခံတဲ့နောက်ပိုင်းမှာ သူတို့က စစ်ဆေးမှုတွေ လုပ်ဆောင်တာ ပိုပြီးတော့ များလာတယ်။ ပြီးတော့ ဒီဒေသခံတွေ ကုန်သွယ်မှုအပိုင်းတွေမှာလည်း ပိုပြီးတော့ စစ်ဆေး လာတာကို တွေ့ရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ယခုလိုစစ်ဆေးတင်းကြပ်မှုများကို ပိုမိုလုပ်ဆောင်လာသည့်အတွက် ဒေသခံများအနေဖြင့် သွားလာရေးနှင့် မြို့ပေါ်သို့ ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူရာတွင်လည်း ပိုမိုခက်ခဲလာသည်ဟု ပဒိုစောဝါးမူ က ဆက်ပြောသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ကျောက်ကြီး မြို့ပေါ်သို့ ဈေးဝယ်ရန်သွားသည့် ဒေသခံ ၃ ဦးကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်းနှင့်အထက် တောင်းရမ်း ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက တပ်မဟာ ၃ နယ်မြေအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကိုလည်း ဆက်တိုက် လုပ်ဆောင်နေပြီး ယခုလအောက်တိုဘာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ် အရွယ်ကလေးငယ်အပါအဝင် ဒေသခံ ၈ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။