Home သတင်း ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူကိုယ်တိုင် သန်းခေါင်စာရင်းဦးဆောင်ကောက်ယူနေ၍ ဒေသခံများ အယုံအကြည်မရှိဖြစ်နေ

ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူကိုယ်တိုင် သန်းခေါင်စာရင်းဦးဆောင်ကောက်ယူနေ၍ ဒေသခံများ အယုံအကြည်မရှိဖြစ်နေ

346
Photo: Social Media

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

‌ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးဒေသ ကျေးရွာများဘက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ တာဝန်ရှိသူများဦးဆောင်ပြီး သန်းခေါင်စာရင်းကောက်ယူနေသည့်အတွက် ဒေသခံများအယုံအကြည်မရှိဖြစ်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

ကော့ကရိတ်မြို့နယ် ကျုံဒိုးဒေသ ကော့ဘိန်း၊ ကော့ပေါက်၊ ဒေါ့ဖျာ၊ ကော့ကမာအပါအဝင် မွန်တိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာများဘက်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများဦးဆောင်ပြီး အောက်တိုဘာလ ၁ရက်မှ အောက်တိုဘာလ ၆ ရက်နေ့အထိ သန်းခေါင်စာရင်း လိုက်ကောက်ယူနေကြသည်ဟု ဒေသခံရွာသားများက ပြောသည်။

“ကော့ကရိတ်ကြံခိုင်ရေးပါတီက မင်းဇော်လတ်ဦးဆောင်ပြီး သူ့မိန်းမကျောင်းဆရာမပေါ့၊ သူတို့က ပညာ ရေးဘက်ကဆရာမတွေနဲ့ ပေါင်းပြီးသန်းခေါင်စာရင်းကို မွန်ရွာတွေဘက်ကနေစကောက်နေတယ်။ ပြောရမယ်ဆို ကျုံဒိုးအရှေ့ဘက် အနောက်ဘက်မွန်ရွာတွေကို သူတို့ အဓိကထားပြီး အရင်စကောက်နေ တဲ့သဘောပေါ့။ အဲ့လိုနိုင်ငံရေးပါတီက သူတို့ဥပဒေမှာ သန်းခေါင်စာရင်း ကောက်ခွင့်ရှိလားမရှိလားတော့ မသိဘူး။ ယုံကြည်လို့မရဲဘူး ။ “ဟု ကော့ဘိန်းကျေးရွာနေထိုင်သူသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ဆောင်ရာတွင် ပြည်သူ့ စစ်လက်နက်ကိုင်အဖွဲ့များ၊ စစ်တပ် ထောက်ခံသူများနှင့် စစ်တပ်သတင်းပေးလုပ်ဆောင်သူများက လုံခြုံရေးအဖြစ် လိုက်ပါလုပ်ဆောင်ပေးခဲ့ သည်ဟုလည်း အဆိုပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့်ပတ်သက်ပြီး ကရင်ပြည်နယ် ဖားအံအခြေစိုက်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်တာဝန်ရှိသူများထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းနိုင်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

၎င်းအပြင် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင်လည်း လူနေအိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်း ကောက်ယူမှုရှိနေပြီး စစ်ဘေးရှောင်နေထိုင်သူများ၏ အချက်အလက်များကို စစ်ဘေးရှောင်နေရာ ရပ်ရွာများဘက်တွင် စာရင်းကောက်ယူသည့်အဖွဲ့များမှ ဖြည့်စွက်ကောက်ယူမည်ဟု မြို့ခံများက ပြေသည် ။

“ကော့ကရိတ်မှာက ရပ်ကွက်တိုင်း လူအစုံမရှိကြဘူးလေ။ ကိုယ်နေရာကိုယ်ပြန် လာမနေသေး တဲ့သူတွေအများကြီးရှိနေတယ်။ သူတို့စာရင်းလိုက်ကောက်တာက ရှိတဲ့လူတွေ့ တဲ့အိမ်ပဲကောက် သွားတာ။ တောင်ပိုင်းကရင်ရွာတွေ ထီဖိုးစံတို့၊ နောင်ကိုင်းတို့၊ ရန်ကုတ်တို့ဘက်တော့ စာရင်း အကောက်မခံဘူးလို့ ကြားထားတယ်။ PC ငြိမ်းချမ်းရေးကောင်စီအဖွဲ့တို့ ၊ BGFအဖွဲ့တို့ကတော့ တချို့နေရာတွေစာရင်းကောက်တာကို လုံခြုံရေးလိုက်ပေးတာမျိုးတော့ရှိတယ်”ဟု ကော့ကရိတ်မြို့ပေါ်နေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ သာမည၊ နဘူး၊ ထီလုံ၊ ဖားအံ ၊ လှိုင်းဘွဲ ၊ ကမမောင်း၊ ကြာ အင်းဆိပ်ကြီးမြို့ပေါ်ရပ်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူနေကြသည်။ ကျေးရွာများတွင် သန်းခေါင်စာရင်းဆက်လက်ကောက်ယူရန် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးကြံ့ခိုင် ရေးပါတီဝင်များ၊ စစ်တပ်ထောက်ခံသည့် ရပ်မိရပ်ဖများထံ စစ်ကောင်စီက ဆက်သွယ်စေခိုင်းမှုများရှိနေကြာင်းသိရှိရသည်။