Home သတင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရပြီးနောက် ရွာရှိ ပြည်သူပိုင်နေအိမ်(၂)လုံး မီးရှို့ခံရ

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရပြီးနောက် ရွာရှိ ပြည်သူပိုင်နေအိမ်(၂)လုံး မီးရှို့ခံရ

614
Photo: CJ (ကျောက်နီမော်ရွာမှ နေရပ်စွန့်ခွာပြေးရသည့် ဒေသခံများ)

စက်တင်ဘာ ၁၁ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာအခြေစိုက် ပြည်သူ့စစ် (ခေါ်) ပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများက စက်တင်ဘာလ(၉)ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာအတွင်းရှိ နေအိမ်(၂)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့သတင်းအရင်းအမြစ်မှ သိရသည်။

စစ်ကောင်စီနှင့်ပျူစောထီးတို့ ပူးတွဲတပ်စွဲထားသော ကျောက်နီမော်ကျေးရွာ ဘုရားကုန်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားပြီး အခြေအနေငြိမ်သက်သွားသော်လည်း ရွာအတွင်းမှ အရပ်သားနေအိမ်(၂)လုံးကို စက်တင်ဘာလ(၁၀)ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ရွာထဲ ဘုရားကုန်းပေါ်က စခန်းမှာက ပျူရော စစ်တပ်ရော ပေါင်းနေကြတာ။ တိုက်ပွဲဖြစ် တဲ့ရက်က လက်နက်ကြီးနဲ့လှမ်းထုတာရော လေယာဥ်ဝဲသံလည်းကြားတော့ ရွာထဲကလူတွေက ပြေးတာပေါ့။ တိုက်ပွဲဖြစ်ပြီး နောက်ရက်ကျတော့ အိမ်နှစ်လုံးကို မီးလာရှို့သွားတယ်။ အိမ်ပိုင်ရှင်တွေကလည်း သူတို့နီးစပ်ရာမှာပဲနေကြတယ်။ လူထိခိုက်တာတော့မရှိဘူးနော်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၉)ရက်နေ့က တိုက်ပွဲတွင် ပျူစောထီးတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပျူစောထီးစခန်းဧရိယာရှိ အဆောက်အဦးတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

Photo: CJ (ကျောက်နီမော်ရွာမှ နေရပ်စွန့်ခွာပြေးရသည့် ဒေသခံများ)

ထို့အပြင် အဆိုပါပျူစောထီးစခန်းမှတပ်ဖွဲ့ဝင်များမှာ ၎င်းတို့တပ်စွဲထားသည့် ဘုရားကုန်းမှ ရွာအတွင်း မကြာခဏဝင်ရောက်၍ ကင်းလှည့်စစ်ဆေးမှု လုပ်ဆောင်လေ့ရှိသလို ကင်းလှည့်လာသည့် ပျူစောထီးအချို့မှာလည်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်သဖြင့် ထိခိုက်သေဆုံးခဲ့ရဖူးကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်ဆင်၊ မောင်းမကန်၊ စခန်းကြီး အစရှိသည့်ကျေးရွာများဘက်သို့ အင်အားရာနှင့်ချီ၍ စစ်ကြောင်းထိုးနေသည်မှာ နှစ်ပတ်နီးပါးရှိနေပြီး ၎င်းတို့စစ်ကြောင်း ထိုးနေသည့်ရွာမှဒေသခံအချို့အား ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေကြလည်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း လောင်းလုံးမြို့နယ်အပါအဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးရာမှ မီးရှို့ဖျက်ဆီး မှုများကြောင့် အရပ်သားပြည်သူပိုင် နေအိမ်(၃၇)လုံးပျက်စီးခဲ့ရသည်ဟု FE5 Tanintharyi အဖွဲ့က ဩဂုတ်လ(၁၆)ရက်နေ့က ထုတ်ပြန်ထားသည်။