Home သတင်း လေကြောင်းပစ်ကူ အပြင်းအထန်ခုခံတိုက်ခိုက်သည့် လွှတ်ရှမ်းစစ်ကောင်စီစခန်း KNLA ပူးပေါင်းတပ် သိမ်းပိုက်

လေကြောင်းပစ်ကူ အပြင်းအထန်ခုခံတိုက်ခိုက်သည့် လွှတ်ရှမ်းစစ်ကောင်စီစခန်း KNLA ပူးပေါင်းတပ် သိမ်းပိုက်

598
Photo: KNLA

စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆)၊ ဝင်းရေးမြို့ နယ်ရှိ လွှတ်ရှမ်းစစ်ကောင်စီတပ်စခန်းကို လေကြောင်းပစ်ကူအပြင်းအထန် ခုခံတိုက်ခိုက်သည့်ကြားမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါ လွှတ်ရှမ်းစစ်ကောင်စီတပ်စခန်းကိုKNLA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ရက်ပေါင်းအတန်ကြာ အပြင်းအထန် ပိတ်ဆို့တိုက်ခိုက်မှုဒဏ်ကို မခံနိုင်တော့၍ စက်တင်ဘာလ ၁၁ ရက်နေ့ညအချိန်တွင် စခန်းရှိ တပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မြေပြင် KNLA တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်း KNLA တာဝန်ရှိသူက “ဒရုန်းနဲ့အပြင်းအထန်ပြန်တိုက်ခိုက်တော့ သူတို့စခန်းလည်း တော်တော် ပျက်စီးသွားတယ်။ အဲဒါညအချိန်မှာ သူတို့ထွက်ပြေးသွားတယ်။ ဒီဘက်တပ်ဖွဲ့ဘက်က ပြန်သိတဲ့အချိန် မှာ သူတို့ ပြန်ပိတ်ဆို့တိုက်ခိုက်တယ်။ သူတို့က အနန်းကွင်းဘက်မသွားဘူး။ စခန်းကြီးဘက်မှာ ပြန်တယ်။ တောတောင်တွေမှာပြန်တော့ လိုက်ပိတ်ဆို့ပစ်ရတယ်၊ တနေတုန်းပဲ။ အခုထိ တိုက်ပွဲကဖြစ်နေတုန်းပါပဲ။ ” ဟု ကေအိုင်စီသို့ ပြောသည်။

စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် စခန်းအတွင်းရှိ ၎င်းတို့မသယ်နိုင်သည့် ဆန်ရိက္ခာများကိုလည်း ဖျက်ဆီးပစ်လိုက်ခြင်းရှိသလို စခန်း၌ ကျည်ဆံအချို့ကျန်နေကြောင်း ၎င်းမြေပြင် KNLA တာဝန်ရှိသူက ပြောသည်။

Photo: KNLA

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ စခန်းတက်ရောက်ရှင်းလင်းသည့်အချိန်တွင် ကျည်ဆံ အချို့အပါအဝင် မြေမြှုပ်မိုင်း၊ ရှေ့ထွက်မိုင်းအချို့သာ ပြန်ရရှိကြောင်း ရှေ့တန်းရှိ KNLA တပ်ဖွဲ့ထံမှ သိရသည်။

လွတ်ရှမ်းရွာစခန်းသည် ယခင်က KNLA တပ်မဟာ(၆)၊ တပ်ရင်း(၁၆) နယ်မြေ စခန်းလုံခြုံရေးစခန်း တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်တွင် စစ်ကောင်စီတပ်အင်အားအလုံးအရင်းနှင့် လာရောက်နေရာယူခြေချခဲ့ပြီး (၃)နှစ်ကျော်ကြာတွင် KNLA ဘက်မှ ယခုလို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီတပ်လာရောက်အခြေချသည့် နေ့မှစတင်၍ နယ်မြေခံ KNLAနှင့် ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးစစ်ကူပစ်ခတ်သည့်အပြင် လေကြောင်း စစ်ကူများလည်း ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် လွှတ် ရှမ်းကျေးရွာတွင် လူနေအိမ်အများအပြားနှင့် ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားရသလို လွတ်ရှမ်းရွာရှိ ဒေသခံ လူထုထောင်နှင့်ချီ တိမ်းရှောင်နေခဲ့ရကြောင်းသိရသည်။

ပြီးခဲ့သည့် မေလတွင်လည်း ဝင်းရေးမြို့နယ်ထဲရှိ စစ်ကောင်စီတောင်စွန်းတပ်စခန်းကိုလည်း KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တက်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်သေးသည်။ လက်ရှိ ထိုဒေသတွင် အနန်းကွင်းဗျူဟာစခန်းတစ်ခုကျန်ရှိနေသေးကာ ဗျူဟာစခန်းမကျစေရေးအတွက် စစ်ကောင်စီဘက်မှ လေကြောင်းစစ်ကူအပြင်းအထန် တိုက်ခိုက်နေကြောင်း သိရသည်။