Home သတင်း ရင်ကွဲတောင်စခန်း တပ်ပြေးရှိပြီးနောက် မှုခင်းများ ဖြစ်ပွားနေပြီး သတိထားသွားလာနေရ

ရင်ကွဲတောင်စခန်း တပ်ပြေးရှိပြီးနောက် မှုခင်းများ ဖြစ်ပွားနေပြီး သတိထားသွားလာနေရ

675

စက်တင်ဘာ ၁၂ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ၊ ရင်ကွဲတောင် စစ်ကောင်စီစခန်းမှ တပ်ပြေးနှစ်ဦး ရှိပြီးနောက် ဒေသတွင်း အမှုအခင်းများ ဖြစ်ပွားလာနေသည့်အတွက် ကျေးရွာဒေသခံများ ယခင်နှင့်မတူ သတိထား သွားလာနေထိုင်ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဒေသတွင်း စစ်ကောင်စီ တပ်ပြေးရှိလာပြီးနောက်ပိုင်း လတ်တလော မှုခင်းများ ဖြစ်ပွားနေသလို ကျေးရွာ ဒေသခံများ လယ်တဲ၊ တောင်ယာ စိုက်ခင်းများသို့ လွတ်လပ်စွာ မသွားလာရဲတော့ဘဲ အထူး သဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ စိတ်လုံခြုံမှုမရှိဖြစ်နေသည်ဟု အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“အခုလယ်တဲသွားရင်လည်း တစ်ယောက်ထဲမသွားရဲဘူး၊ နှစ်ယောက်သုံးယောက်အတူ သွားရတယ်။ ပြီးတော့ တဲမှာ မအိပ်ရဲဘူး၊ နေ့လည်တဲသွား ညဆိုရင် ရွာမှာပြန်အိပ်ရတယ်။ ပြီးတော့ အိမ်ထဲမှာ အိပ်ရင်တောင် သတိနဲ့နေတယ်။ ကလေးတွေ မိန်းကလေးတွေဆိုရင် မပေးသွားရဲဘူး။ ဆိုင်ကယ်နဲ့ သွားတာတောင် လူလွတ်တဲ့နေရာတွေ ဆိုရင် သတိထားရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ရင်ကွဲတောင်စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားနှစ်ဦးထွက်ပြေးပြီးနောက် စက်တင်ဘာ ၅ ရက်နေ့တွင် ဒေသခံ အမျိုးသမီးငယ်တစ်ဦး နှစ်ရက်ကြာ ဓားထောက် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့က ရင်ကွဲတောင်နှင့် မြပတိုင်ကျေးရွာကြားတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ဓားပြနှစ်ဦးက ဓားကိုအသုံးပြုပြီး ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းဖြစ်စဉ်ကြောင့် ဓားပြတိုက်သူနှင့် မိန်းကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားသူသည် စစ်ကောင်စီ၏ တပ်ပြေးများ ဖြစ်နိုင်သည်ဟု ဒေသခံများက ကောက်ချက်ချပြောဆိုနေသလို ဒေသတွင်းရှိ ကရင် လက်နက်ကိုင် တပ်ဖွဲ့များက လိုက်လံ ဖမ်းဆီးရှာဖွေသော်လည်း လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

“အခုစိုးရိမ်တာက စစ်ကောင်စီဘက်က သက်သက် လွတ်ထားပေးတဲ့လူများလားပေါ့။ ဒီနီးနားဝန်းကျင်မှာ စစ်ကောင်စီ စခန်းမနီးမဝေးမှာပဲရှိတယ်။ ပြီးတော့ အဲဒီလူတွေကို ဒီဘက် ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က လိုက်ဖမ်းတယ်။ မမိဘူးဆိုတော့ သူတို့တပ်စခန်းဘက်ကို ပြန်ပြေးတာ ဖြစ်မယ်။ အကုန်လိုက်ရှာတယ်၊ မတွေ့ဘူး သူတို့စခန်းအနီးတော့ သွားမရှာရဲဘူး။ သူတို့စခန်းအနီးကို ပြန်ပြေးလောက်တယ်။ တကယ့် တပ်ပြေး ဆိုရင် သူတို့ စခန်းနားမှာ နေရဲမှာမဟုတ်ဘူး။ ဝေးဝေးကိုပဲပြေးမှာ”ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြု ပြောသည်။

ထိုဒေသသည် ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ တပ်မဟာ(၇) နဘူးမြို့နယ်အတွင်း တည်ရှိသော်လည်း ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) အဖွဲ့ဝင်များ သွားလာလှုပ်ရှားနေသည့် နယ်မြေဖြစ်ကြောင်း သိရသည်။