Home သတင်း ဖားအံမြို့ သံလွင်မြစ်ရေ တတိယအကြိမ် ရေကြီးရေလွှမ်းလာနေ၍ အရေးပေါ်နေရာရွှေ့ပြောင်းပေးနေ

ဖားအံမြို့ သံလွင်မြစ်ရေ တတိယအကြိမ် ရေကြီးရေလွှမ်းလာနေ၍ အရေးပေါ်နေရာရွှေ့ပြောင်းပေးနေ

746
Photo: CJ နှင့် မာဃလူမှုကူညီရေးအသင်း

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ သံလွင်မြစ်ကမ်းနားပိုင်းရပ်ကွက်များနှင့် မြစ်ရေဝင်ရောက်နိုင်သည့် မြေနိမ့်ပိုင်း ရပ်ကွက်နေထိုင်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ မြို့ခံအရပ်ဖက် လူမှုကူညီရေးအဖွဲ့များက အရေးပေါ်နေရာ ရွှေ့ပြောင်းပေးနေရကြောင်း သိရှိရသည်။

ဖားအံမြို့ရှိ မာဃလူမှုကူညီရေးအသင်းနှင့်အတူပါဝင်ကူညီနေသူတစ်ဦးက “လူကတော့ထောင်ချီမယ်လေကမ်းနားပိုင်း၊ ဆယ်အိမ်စု၊ ရေပေါ်ဈေး၊ အောင်နန်းတို့ ရွှေဖားစည် အိမ်ယာဘက်၊ ထောင်ဝိတို့ဘက်အထိပေါ့။ လိုက်ပြီး နေရာရွှေ့ပေးနေတယ်။ မာဃအသင်းကကားတွေနဲ့ မြို့ခံတချို့ရဲ့ကားတွေနဲ့ပေါ့။ အားကစားရုံကြီးရယ်၊ ထ ၃ ကျောင်းက ခန်းမဆောင်ရယ် အဓိကပေါ့ ၊ နေရာကျယ်တော့လူများများဆန့်အောင်ပေါ့၊ စာရင်းတော့ မကောက်ရသေးဘူး”ဟု ပြောသည်။

ထိုသို့ သံလွင်မြစ်ရေတိုးလာသည့်အခြေအကြောင့်မြစ်အထက်ပိုင်း လှိုင်းဘွဲ၊ မြိုင်ကြီးငူ၊ ကမမောင်း၊ ထီလုံ၊ ဒိုင်းပြ၊ ရွှေဂွန်းလမ်းပိုင်းတစ်လျှောက်တွင်လည်း ရေကြီးရေလွှမ်းရေကျော်မှုများကြောင့် ကား၊ လူများရေမျှောပါမှုရှိနေကြောင်း သိရှိရသည်။

Photo: CJ နှင့် မာဃလူမှုကူညီရေးအသင်း

” ညနေ ပိုင်းကတည်းက တော်တော် ဆင်းလာတာ မြန်တယ်ရေစီးက၊ အခုတစ်ခါရေထပ်တက်တာဆို သံလွင်မြစ်ရေကြီးတာသုံးကျော့(သုံးကြိမ်)ရှိပြီပေါ့။ မိဇံ၊ သိုက်တာအကုန်ပြန်မြှုပ်နေပြီ၊ မြိုင်ကလေး၊ ဖားကပ်၊ မုက္ကဒိအကုန်လုံး နေရာ‌‌ရွှေ့ပေးနေတယ် ဘုန်းကြီးကျောင်းကို ။ ဖားအံက မာဃအသင်းနဲ့ ကျေးရွာအသင်းတွေကတော့အရေးပေါ် လိုအပ်ရင် ဖုန်းဆက်အကူအညီတောင်းဖို့တော့ ပြောထားတယ်” ဟု မိဇံ ကျွန်းရွာသားတစ်ဦးက ပြောသည်။

ယနေ့ စက်တင်ဘာ ၁၃ရက်၊ နံနက်ပိုင်းတွင်လည်း သံလွင်မြစ်ရေ ဆက်ပြီးမြင့်တက်လာခြင်းကြောင့် ဖားအံမြို့ အတွင်းရှိ ရေဝင်ရောက်နေသော အမှတ် (၁)ရပ်ကွက်၊ အမှတ် (၅)ရပ်ကွက်၊ ဆယ်အိမ်စု၊ လှာကမြင်ကျေးရွာ အနိမ့်ပိုင်နေရာများမှာ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းဖွင့် လှစ်ထားသော ပြည်နယ်မိုးလုံလေလုံ အားကစားရုံနှင့် အထက ၃ကျောင်း အားကစားရုံများသို့ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကူညီနေရာရွှေ့ပြောင်းပေးနေဆဲဖြစ်ကြောင်း သိရသည်။