Home သတင်း ဇရပ်ကြီးအနောက်ဘက်ခြမ်းသို့ စစ်တပ်ကဝင်ခွင့်မပေးသေးသဖြင့် စစ်ရှောင်တောင်သူများ စပါးရိတ်သိမ်းရေး အခက်ကြုံ

ဇရပ်ကြီးအနောက်ဘက်ခြမ်းသို့ စစ်တပ်ကဝင်ခွင့်မပေးသေးသဖြင့် စစ်ရှောင်တောင်သူများ စပါးရိတ်သိမ်းရေး အခက်ကြုံ

569
Photo: Crd.

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်တပ်က တားမြစ်ပိတ်ဆို့ထားသဖြင့် တစ်လကျော်ကြာ နေရပ်ပြန်ခွင့်မရသေးသည့် ပဲခူးတိုင်း ဒေသ ကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ အနောက်ဘက်ရှိ ကင်မွန်းချုံ၊ ပုဂံကွဲ၊ ဒါးဒေါက် အစရှိသည့် ကျေးရွာမှ စစ်ရှောင်တောင်သူများမှာ ရွာအတွင်းဝင်ခွင့်မရသေးသဖြင့် စပါးရိတ်သိမ်းရေး အခက်ကြုံနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကတည်းက ကင်မွန်းချုံကျေးရွာတွင် စစ်ကောင်စီနှင့် တော်လှန် ရေးတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲနှင့်ပစ်ခတ်မှုများ ဖြစ်ပွားသဖြင့် ဒေသခံများမှာ ဇရပ်ကြီးမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများတွင် စစ်ဘေးရှောင်နေကြရသလို စစ်ကောင်စီတပ်များကလည်း ဇရပ်ကြီး ကင်မွန်းချုံလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယခုနှစ် မိုးစပါးများ ရိတ်သိမ်းရမည့် အချိန်ရောက်ရှိလာပြီဖြစ်သော်လည်း ကင်မွန်း ချုံကျေး ရွာအရှေ့ပိုင်းနေထိုင်သူအချို့မှအပ ကျန်ရှိဒေသခံများမှာ စစ်တပ်၏ခြိမ်းခြောက်ပိတ်ဆို့မှုကြောင့် နေအိမ်မပြန်ရဲကြသေးဘဲ စပါးရိတ်သိမ်းရေးအခက်ကြုံနေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းအမျိုးသားက “စပါးကလည်း ဒီအပတ်ထဲမှာရိတ်ရမှာ ကင်မွန်းခြုံအရှေ့ဘက်က လူတွေကတော့ ပြန်နေသူနေကြတယ်။ လယ်ကွင်း၊ စပါးခင်းတွေက များသောအားဖြင့် အနောက်ဘက်မှာရှိတာလေ အဲဒီကိုတော့ ပြန်လို့တော့မရသေးဘူး။ ပေးမဖြတ်ဘူး လူချည်းပဲဖြတ်သွားမယ့်သူတွေပဲ ခိုးကြောင်ခိုး ဝှက်ပြန်ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလဆန်းပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မာလာကုန်း၊ သာယာ ကုန်းကျေးရွာ ဘက်တွင် ဂိတ်ချ၍ စပါးပြန်ရိတ်လိုသော စစ်ရှောင်တောင်သူအချို့ထံမှ ဖြတ်သန်းခ ငွေကြေး ကျပ်သိန်းနှင့်ချီ တောင်းခံနေကြောင်းလည်း အဆိုပါ အမျိုးသားက ပြောသည်။

ဒေသခံစစ်ရှောင်တောင်သူ တစ်ဦးကလည်း “ကျနော်တို့တောင်သူလယ်သမားတွေဘဝ လယ်လုပ်ပြီး ရိတ်သိမ်းခွင့်မှ မရရင် ဘယ်မှာယူပြီး ဘယ်လိုစားသောက်နေထိုင်ရမှာလဲ အမြန်အေးချမ်းချင်ပြီ။ ကင်မွန်းချုံ၊ ပုဂံကွဲ၊ ဒိုးတန်း ဒီနှစ်တော့ စပါးတောင်ရိတ်သိမ်းလို့ရပါ့မလားမသိတော့ပါဘူးဗျာ” ဟု ၎င်းက ပြောသည်။

ထို့အတူ ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေလျှံတက်သဖြင့် တောင်ငူမြို့နယ်အတွင်းသာမက ထန်းတပင်မြို့ပေါ်သို့ပါ ရေများရောက်ရှိလာရာ ဇရပ်ကြီး အနောက်ဘက်ခြမ်းရွာမှ ထန်းတပင်မြို့ပေါ်သို့ စစ်ရှောင်နေသူများ စစ်ဘေးအပြင် ရေဘေးပါတွေ့ကြုံနေရကြောင်း သိရသည်။

တောင်ငူခရိုင်အတွင်း မြစ်နှင့်နီးသည့် မြေနိမ့်ပိုင်း မြို့နယ်၊ ကျေးရွာများတွင် ရေကြီးရေလျှံသဖြင့် စပါးခင်းများရေနစ်ဆုံးရှုံးမှုရှိသော်လည်း အမြင့်ပိုင်းဒေသဖြစ်သော ဇရပ်ကြီးမြို့အပါအဝင် ဇရပ်ကြီး အနောက်ဘက်ခြမ်းကျေးရွာများမှာ ရေကြီးရေလျှံမှုမရှိသည့်တိုင် စပါးရိတ်သိမ်းချိန် ရိတ်သိမ်းခွင့် မရသဖြင့် စားဝတ်နေရေးစိုးရိမ်နေရသည်ဟု စစ်ရှောင်ဒေသခံများက ပြောဆိုကြသည်။