စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဋ္ဌ Mirjana Spoljaric က အာဏာသိမ်း စစ်ခေါင်း ဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ ပဋိပက္ခဖြစ်ပွားနေသော ဒေသများသို့ ပိုမိုသွားရောက် အကူအညီ ပေးနိုင်ရေး တောင်းဆိုခဲ့ကြောင်း ICRC ၏ ဩဂုတ်လ(၁၀)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာလ (၅)ရက်မှ (၉)ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်လေ့လာသည့် ICRC ဥက္ကဋ္ဌ၏ ခရီး စဥ်ပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ ပဋိပက္ခဖြစ်ပွားနေသည့်ဒေသရှိ အရပ် သားပြည်သူများအား လူသားချင်းဆိုင်ရာ အကူအညီများ ပိုမိုသွားရောက်ပေးအပ်နိုင်ရေး တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ICRC ၏ ရည်ရွယ်ချက်နှင့် စစ်ကောင်စီဘက်မှ ဆောင်ရွက်ပေးနိုင်မှုနှင့်စပ်လျဥ်း၍ ဆွေးနွေးပြော ဆိုခဲ့သလို အထူးအားဖြင့် ICRC ၏ ကြားနေကဏ္ဍနှင့် အကူအညီလိုအပ်မှုအများဆုံးရှိနေသည့် လူထုထံသွားရောက်နိုင်ရေးကို အလေးပေးပြောကြားခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ICRC ဥက္ကဋ္ဌ Mirjana Spoljaric က “ကျမတို့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ ဆွေးနွေးပြောဆိုမှုတွေမှာ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဥပဒေကို လေးစားလိုက် နာကြဖို့နဲ့ အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းဆောင်ရွက် နေသူတွေ ဘေးကင်းလုံခြုံစေဖို့ သူတို့မှာရှိတဲ့တာဝန်ဝတ္တရားတွေကို အသိပေးပြောဆိုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။
၎င်းတို့အနေဖြင့် လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများဖြစ်သော ကရင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ကူညီပံ့ပိုးမှုများပေးနိုင်ရေး ဆုံးဖြတ်ထားသည်ဟုလည်း ICRC က ဖော်ပြသည်။

ထို့အတူ စစ်ကောင်စီဘက်က ICRC ဥက္ကဋ္ဌနှင့်အဖွဲ့၊ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နေပြည် တော်တွင် တွေ့ဆုံစဥ် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေးခဲ့သလို မသက်ဆိုင် သည့်အဖွဲ့ အစည်းများထံ ထောက်ပံ့ကူညီမှုမရောက်ရှိစေရေး စစ်တပ်လက်အောက်ရှိ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ၎င်းတို့ထိန်းချုပ်သည့် မီဒီယာမှတဆင့် ထုတ်ပြန်သည်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် ဇွန်လပိုင်းမှစ၍ မြန်မာနိုင်ငံရှိ အကျဥ်းထောင်များသို့ ဝင်ရောက် ကြည့်ရှုခွင့်နှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများအား ပြန်လည်ခွင့်ပြုပေးရန် ICRC အနေဖြင့် စစ်ကောင်စီထံတောင်းဆိုခဲ့ပြီးနောက် လူသားစာနာမှုနှင့်ပတ်သက်၍ ယခုလို ထပ်မံတောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့ကလည်း အကျဥ်းထောင်များအတွင်း ဝင်ရောက်ခွင့်ရရေး ICRC က စစ်ကောင်စီအဖွဲ့နှင့် တွေ့ဆုံစကားပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ခွင့်ပြုချက်မရရှိသေးသလို ယခု တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး ရရှိလာသည့်ဆုံးဖြတ်ချက်ကိုလည်း နှစ်ဖက်အဖွဲ့မှ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါ။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် ICRC မှ ဥက္ကဋ္ဌနှင့်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဥ် အတွင်း လူသားချင်းစာနာထောက်ထားမှုအခြေအနေများကို သိရှိနိုင်ရန် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားပြီး လူထုရင်ဆိုင်တွေ့ကြုံနေရသည့် ပြဿနာနှင့်လိုအပ်ချက်များကို သိရှိခဲ့ကြောင်း ဖော်ပြထားသည်။



















