စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သင်တန်းအပတ်စဥ်(၂) ဆေးသင်တန်းမှ သင်တန်းသား(၁၈)ဦး ပြီးခဲ့သည့် စက်တင်ဘာလ(၁၁)ရက်နေ့က ချောင်းရေနှင့်မျှောပါ သေဆုံးသွားကြောင်း KNDF ၏ ယနေ့ထုတ်ပြန်ထားသည်။
အဆိုပါ ဆေးသင်တန်းသား(၁၈)ဦးမှာ သင်ခန်းစာမစ်ရှင် လေ့ကျင့်ရေးပြုလုပ်နေစဥ် ရေချောင်း တစ်ခုကိုဖြတ်ကျော်ရန် ကြိုးစားရာ၌ မတော်တဆဖြစ်ပွားပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဆေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦး၏ပြောပြချက်အရမူ ထိုနေ့ ည(၉)နာရီဝန်းကျင်က တောင်ကျချောင်းရေစီးဆင်းမှုများပြားခဲ့ရာမှ သင်တန်းသားများရှိနေသည့်နေရာအထိ ရေများဝင်ရောက်၍ ရေစီးနှင့်အတူမျှောပါသေဆုံးကြခြင်းဖြစ်သည်ဟု သိရသည်။
“ည(၉)နာရီခွဲလောက်ကတည်းက တောင်ကျရေကအသားကုန်စီးနေတာ ဘယ်လိုမှမခံနိုင်ဘူး အကုန်ပါတာ။ သင်တန်းသားတွေအိပ်နေတုန်းလည်းဖြစ်တယ်။ အကုန်ရေစီးနဲ့မျှော်ပါသွားတာ အကုန်ငယ်ငယ်ရွယ်ရွယ်လေးတွေချည်းပဲ။” ဟု နီးစပ်သူ ၎င်းအမျိုးသားက ကေအိုင်စီသို့ ပြောသည်။
ကရင်နီပြည်နယ်၏လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန်နှင့် ဆေးတပ်သားများ တိုးပွားလာစေရန် ရည်ရွယ် သင်တန်းပေးခဲ့သည့် အဆိုပါဆေးသင်တန်းသား (၁၈)ဦး သေဆုံးရသည့် ဖြစ်စဥ်အပေါ် KNDF အနေဖြင့် သက်ဆိုင်ရာမိသားစု၊ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့်ထပ်တူ ဝမ်းနည်းရသလို လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကိုလည်း KNDF(ဗဟို)မှ ပြုလုပ်၍ အသိပေးထုတ်ပြန်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကယား(ကရင်နီ)ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ တောင်ကျချောင်းရေစီးဆင်းမှုများပြားခြင်း၊ မိုးဗြဲရေကာတာ ရေလွှတ်ချခြင်းတို့ကြောင့် ဖယ်ခုံ၊ ဒီးမော့ဆို အစရှိသည့်မြို့နယ်၊ ကျေးရွာများတွင် တောင်ပြို၊ မြေပြို၊ ရေစီးနှင့်မျှောပါမှုတို့ ဖြစ်ပွားခဲ့သလို ဒေသခံအချို့သေဆုံး၍ နေအိမ်ပြိုကျပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသ သတင်းအရင်းအမြစ်များအရ သိရသည်။
အလားတူ ကရင်နီအစပ်ရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်း ယာဒို၊ လိပ်သို ဒေသတွင်လည်း စက်တင်ဘာလ(၁၁)ရက်နှင့်(၁၂)ရက်နေ့တို့တွင် တောင်ကျရေစီးကြမ်း၍ မြေပြိုမှုတို့ကြောင့် စစ်ဘေးရှောင်တဲအချို့ ရေစီးဖြင့်မျှောပါပျက်စီးခဲ့သလိုမိသားစုလိုက် အသက်သေဆုံးရသည်များလည်း ရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များ က ပြောသည်။