စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အမျိုးသား ညီညွတ် ရေးအစိုးရ(NUG) တို့အကြား နားလည်မှုစာချွန်စွာတစ်ရပ်အား စက်တင်ဘာလ (၁၂)ရက်၊ ယမန်နေ့တွင် ချုပ်ဆိုပြီးစီးခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ လူထုစည်းရုံးရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့က ထုတ်ပြန်သည်။
ABSDF နှင့် NUG ကြား အပြန်အလှန်နားလည်မှု၊ နိုင်ငံရေးဂုဏ်သိက္ခာအသိအမှတ်ပြုမှုအပေါ် အခြေခံ၍ ခိုင်မာအားကောင်းသော ဆက်ဆံရေး၊ စစ်အာဏာရှင်စနစ်ပျက်သုဥ်းရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်ပြီး ထိုစာချွန်လွှာကို ချုပ်ဆိုခဲ့ကြကြောင်းလည်း သိရသည်။
ABSDF ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ရဲဘော်ကျော်ကျော်လင်းက “ကျနော်တို့ ရည်ရွယ်တာက ရှိပြီးသားပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးစနစ်ကျလာအောင်ရယ် ၊ ရေရှည် တည်တန့်စေရေးရယ်ကို ရည်ရွယ်တာပါ။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုအပိုင်းကတော့ပိုပြီး ပုံမှန်အတိုင်း ဆက်ရှိနေမှာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။
နှစ်ဖက်အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုများမှ သဘောထားဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးနှင့် အကျိုး အမြတ်ပိုမိုဖြစ်ထွန်းလာစေရေးအရ လက်မှတ်ရေးထိုးကြသည့် နားလည်မှုစာချွန်လွှာသည် အစိုးရ တစ်ရပ်ဖြစ်သော NUG အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုနှင့် ပထမဆုံး ရေးထိုးချုပ်ဆိုခြင်း လည်း ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ တိုင်းရင်းသားတော်လှန်ရေးမှ တစ်နိုင်ငံလုံး တော်လှန်ရေးအဖြစ် အသွင်ပြောင်းလာသော လက်ရှိ (၃)နှစ်ကျော်ကာလအတွင်း ABSDF တပ်ဖွဲ့ဝင်များအပါအဝင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်း၍ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုမှာ တစ်စထက်တစ်စ အားကောင်းလျက်ရှိသည်။
ယခုလို စာချွန်လွှာချုပ်ဆိုခြင်းနှင့်ပတ်သက်၍ ကရင်သတင်းဌာန-ကေအိုင်စီ၏ ပင်တိုင် ဆောင်းပါးရှင်၊ နိုင်ငံရေးသုံးသပ်လေ့လာသူ မောင်ကျော်စွာက တော်လှန်ရေးအတွက် အပြုသဘောဆောင် ကောင်း မွန်သည့် ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်း၊ NUG အနေဖြင့်လည်း အခြား သောတော်လှန်ရေး အဖွဲ့များနှင့် အပြန်အလှန်အသိမှတ်ပြုသော နောက်ထပ်စာချွန်လွှာရေးထိုးစရာ ကြိုဆိုကမ်းလှမ်းသည့် သဘောထားမျိုးရှိသင့်ကြောင်း ၎င်းကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာမှတဆင့် အကြံပြုထားသည်။
Zoom (အွန်လိုင်း)ဖြင့် နားလည်မှုစာချွန်လွှာ ချုပ်ဆိုသည့်အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီး လအပါအဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ABSDF ဘက်မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အခြားတာဝန်ရှိသူများ၊ ဗဟိုကော်မ တီဝင်များ၊ နယ်မြေတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း နှစ်ဖက်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။