Home သတင်း ဂျိုင်း/ကော့ကရိတ်တံတား စစ်ဆေးရေးဂိတ်တွင် ဒေသတွင်း ဆန်၊ ကုန်စည်သယ်ယူမှုကန့်သတ်ပြီး ငွေကောက်ခံမှု ပိုလုပ်ဆောင်လာနေ

ဂျိုင်း/ကော့ကရိတ်တံတား စစ်ဆေးရေးဂိတ်တွင် ဒေသတွင်း ဆန်၊ ကုန်စည်သယ်ယူမှုကန့်သတ်ပြီး ငွေကောက်ခံမှု ပိုလုပ်ဆောင်လာနေ

166
Photo: CJ

စက်တင်ဘာ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဂျိုင်း/ကော့ကရိတ်တံတားရှိ စစ်ကောင်စီတပ်နှင့် BGF ကရင် နယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်တွင် မြဝတီနှင့် ကျုံဒိုး၊ ကော့ကရိတ်နယ်ဘက်သို့ သယ်ဆောင် တင်ပို့သည့် ဆန်များကို စစ်ဆေးကန့်သတ်နေပြီး ဆန်အိတ်ပါလာသည့်အပါ်မူတည်၍ ငွေကောက်ခံမှု ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကျုံဒိုး၊ ကော့ကရိတ်ဒေသအတွင်း ဆန်လိုက်လံရောင်းချသူတစ်ဦးက “ ဂျိုင်းတံတားမှာ ဆန်အဝင်ပိတ်ထားပါတယ်။ အိမ်စ ားဖို့ဆန်တင်လာတာတောင် ဖမ်းပါတယ်။ ဆန်က အိမ်စားဖို့ထက်ပိုသယ်လို့ မရဘူးပေါ့။ ဂိတ်က စစ်တဲ့သူနဲ့ဈေးရောင်းတာပါပြောတော့ ဆန်တစ်အိတ်ကို ၅ ထောင်ကောက်ပါတယ်။ အဲဒီတော့ ပြန်ရောင်းတော့ ဂိတ်ကြေး ၅ ထောင်ပို တင်ရောင်းရတဲ့ပုံစံဖြစ်ကုန်တယ်။ ဆန်အဓိက အသယ်မခံဘူး။ မြဝတီဘက်ကို တင်ပို့တဲ့ဆန်ကားတွေဆို ပေးမဖြတ်ဘူး၊ ငွေပေးမှသယ်လို့ ရတယ်” ဟု ပြောသည်။

ယခုစက်တင်ဘာလမှစတင်ကာ ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းအား မြဝတီဘက်မှဆင်းလာသည့် ကုန်ကားများအနေဖြင့် ဒေါနတောင်လမ်းဟောင်းမှကော့ကရိတ်မြို့အတွင်း ဖြတ်သန်းမောင်းနှင်ပြီး ကိုး တိုင်စစ်ကောင်စီအဖွဲ့စုံ စစ်ဆေးရေးဂိတ်၊ ကျုံဒိုးမြို့အဝင်ဂိတ်နှင့် ဂျိုင်းတံတားဂိတ်များ၌ ဖြတ်သန်း မောင်းနှင်မှသာ ဖားအံနှင့်အခြား မြို့ရွာများဘက်သို့ သွားလာသယ်ဆောင်၍ရသည့် စနစ်ကို စစ်ကောင်စီတပ်၊ BGF တပ်စစ်ဆေးရေးဂိတ်များက သတ်မှတ်ထားကြောင်း သိရသည်။

Photo: CJ

ယခုလို စစ်ဆေးတင်းကြပ်ထားမှုမှာ စစ်ကောင်စီနှင့် BGF တပ်ထိန်းချုပ်ထားသည့်လမ်းပိုင်းမှ ဂိတ်ကြေး ပေးသွားလာရသည့်အခြေအနေဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားသည့် ကျေးရွာများမှ ဖြတ်သန်းမောင်းနှင်လာပါက ဖမ်းဆီးသိမ်းဆည်းမည်ဟု သတိပေးခြိမ်းခြောက်မှုများရှိနေကြောင်း ကုန်သည်များက ပြောသည်။

“ကျုံဒိုး ချောင်းဖျားလမ်းထိပ်မှာ ရွာဖြတ်လမ်းက လာတဲ့လမ်းဟောင်းက လာတဲ့ကား တွေပိတ် ထား ပါတယ်။ ကော့ကရိတ်ကနေပြန်လှည့်ဝင်ခိုင်းပါတယ်။ ကော့ကရိတ်ဂိတ်ဖြတ် လက်မှတ်ပါမှ ကျုံဒိုးနဲ့ ဂျိုင်းတံတားကိုပေးဖြတ်ပါတယ်။ မြပတိုင်၊ ထီဖိုးစံ၊ အောက်ဘိုတဲ၊ လမ်းဟောင်းဘက်က ဆင်းတဲ့ ကားတွေဆိုရင် KNU /PDF ရှိတဲ့ ရွာတွေမှာ ရွာဖြတ်ခဂိတ်ကြေးပေးလာပြီး ကုန်ပစ္စည်း သယ်တာမျိုး ဖြစ်နေလို့ ထောက်/ပို့လုပ်တယ်ဆိုပြီး ဖမ်းမယ်၊ သိမ်းမယ်ပေါ့။ အဲလိုတော့ ပြောတယ်။ ”ဟု မြဝတီ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

လတ်တလော ကော့ကရိတ်၊ ကျုံဒိုး၊ ကိုးတိုင်၊ ရင်ကွဲတောင်၊ မိချောင်းအင်း၊ အောက်ဘိုတဲ၊ လမ်းပိုင်း ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးလာမှုများကြောင့် KNLA မဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲနေ့စဉ် ဖြစ်ပွားလျက်ရှိသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက က ပြောသည်။ အာရှလမ်းသစ်၊ မြဝတီ လမ်းပိုင်းနေရာတွင်လည်း စစ်ကောင်စီအောင်ဇေယျစစ်ကြောင်း နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေဆဲဖြစ်သည်။