Home သတင်း လေးကေကော် အမြောက်ကုန်း၌ မိုးကြီးနေသည့်ကြား တိုက်ပွဲဆက်ဖြစ်နေ

လေးကေကော် အမြောက်ကုန်း၌ မိုးကြီးနေသည့်ကြား တိုက်ပွဲဆက်ဖြစ်နေ

624
Photo - social media

စက်တင်ဘာ ၁၂ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့နယ်၊ လေးကေကော်ရှိ စစ်ကောင်စီ အမြောက်ကုန်း၌ ယခုရက်ပိုင်း မိုးသည်းထန်နေသည့်ကြားမှ တိုက်ပွဲဆက်ဖြစ်ပွားနေသည်ဟု နယ်မြေအတွင်းရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ လေးကေကော်ရှိ စစ်ကောင်စီ အမြောက်ကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီက စခန်းမကျရေးအတွက် ခုခံလျက် ရှိသည်ဟု နယ်မြေ စစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။

“အခုအမြောက်ကုန်းက ဆက်တိုက်ဘဲချနေတာ၊ သူပစ် ကိုယ်ပစ်ပဲ။ လက်နက်ကြီး၊ ဒရုန်းနဲ့ချတာမျိုးက နေ့ဘက်ရော ညဘက်ရောပေါ့။ မိုးရွာလည်း မနားဘူး။ အသံတွေကို မဲဆောက်ကကြား နေရတယ်။ စစ်တပ်က လေယာဉ် လာတယ်၊ ရိက္ခာခဲယမ်း၊ စက်ပစ္စည်းတွေ လာချတယ်။ လေထီးအထုပ်တွေ ကိုယ့်ဘက်ကရတယ်။ သူတို့ဆီ မကျဘူး၊ မရဘူးပေါ့ဗျာ။ စစ်သတင်းကတော့ တာဝန်ရှိသူတွေ ထုတ်ပြန်လိမ့်မယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြော သည်။

ထိုသို့ နှစ်ဘက် တိုက်ပွဲ ပြင်းထန်နေသည့် စစ်စခန်းကုန်းအနီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ရေကြီးမှု ဖြစ်ပေါ် နေပြီး နယ်စပ်တလျှောက်ရှိ ကျေးရွာများနှင့် စစ်ရှောင်စခန်းများ ရေကြီးမှု ကြုံတွေ့နေရကြောင်း သိရသည်။

“ရေကကြီးလာတယ်၊ မရပ်သေးဘူး။ တိုက်ပွဲကလည်း မရပ်ဘူး။ အလုံးကြီးသံတွေ ကြားနေရတယ်၊ အခုက ရေကြီးလို့အခက်တွေ့ တာကတစ်မျိုး၊ အမြောက်ကုန်းသိမ်းခံရလို့ သူများ နေရာတွေလိုပဲ စစ်ကောင်စီရှုံးရင် စစ်ရှောင်စခန်းတွေ၊ ရွာတွေ ဗုံးကြဲခံရမှာကြောက် နေတယ်။ ဖြစ်လာရင် ထိုင်းဘက်ကူး ဖို့ကလည်း မြစ်ရေကြီး နေတယ်။ ထိုင်းဘက်အခြမ်းမှာလည်း ရေကြီးလမ်းပျက် တံတားပျက်၊ တွေဖြစ်နေတယ်လေ”ဟု လေးကေကော် ရသေ့ဂူကျေးရွာသားတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်း လေးကေကော်အမြောက်ကုန်းအပါအဝင် ကော့ကရိတ်၊ ကျုံဒိုး၊ ဘုရားသုံးဆူ၊ အနန်းကွင်း၊ သံတောင်၊ ဖာပွန် ကတိုင်တိ စသည့် နေရာများတွင် KNLA မဟာမိတ် တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသတွင်းရှိ စစ်ရေးနယ်မြေ သတင်းရင်းမြစ်များထံမှ သိရသည်။