Home သတင်း ရေဘေးကြောင့် ကော်သူးလေ ခရိုင် ၂ ခုတွင် ၇ ဦး သေဆုံးပြီး ၃ သိန်းကျော် ရေဘေးသင့်

ရေဘေးကြောင့် ကော်သူးလေ ခရိုင် ၂ ခုတွင် ၇ ဦး သေဆုံးပြီး ၃ သိန်းကျော် ရေဘေးသင့်

652

စက်တင်ဘာ ၂၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ တေင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင် တို့တွင် မိုးသည်းထန်စွာ ရွာသွန်းကာ ရေတာတမံကျိုးခြင်းကြောင့် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး ၇ ဦး သေဆုံးကာ ဒေသခံ ၃၁၆,၉၂၇ ဦး ရေဘေးသင့်ခဲ့သည်ဟု ကေအဲန်ယူက စက်တင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန် ပြောသည်။

အဆိုပါ ကော်သူးလေး အုပ်ချုပ်နယ်မြေ တောအူး (တောင်ငူ)ခရိုင် ကျေးရွာများနှင့် ခလယ်လွယ်ထူး (ညောင်လေးပင်) ခရိုင်အတွင်းရှိ မြို့နယ် ၃ ခုတို့၌ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ မိုးကြီးရေလျှံ၊ ဆည်တာတမံ များ ကျိုးပျက်ခဲ့သည့်အတွက် ကျေးရွာ ၃၆၄ ရွာရေနစ်မြှုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများ အခက်အဲများနှင့် ရင်ဆိုင် နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရေက အခုထိ ကျနော်တို့ရွာမှာဆို ခါးလောက်ရှိသေးတယ်။ အစားအသောက် အခြောက်တွေ လာလှူဒါန်းတာ တွေတော့ ရှိပါတယ်။ လက်ရှိရွာထဲမှာကို မပြေလည်တဲ့ အိမ်တွေကျတော့ ဆန်တွေ လုံလုံလောက်လောက် မရှိ တော့ရင် ပိုလျှံတဲ့ လူတွေဆီကနေပဲ နည်းနည်း ချေးငှားပြီးတော့ ယူနေရတယ်။ ရေတွင်း ရေကန်တွေ မြှုပ်သွား တော့ သောက်ရေသန့်အတွက် အခက်အခဲရှိတယ်။ စားသောက်ရေး အဓိက အဆင်ပြေရင် ရပြီ” ဟု ‌မုန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် ‌ဒေသခံများ၏ လယ်ယာစိုက် ဧကပေါင်းများစွာ ပိုးကျခြင်းနှင့် ပျက်စီးဆုံးရှုံး ခြင်းများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အလားတူ မွေးမြူရေးလုပ်ငန်းတွင် ကျွဲ၊ နွား ၇၀ ကောင်ကျော် အသေ အပျောက် ရှိနေသလို ကျေးရွာအတွင်းနေထိုင်သည့် စစ်ဘေးရှောင်ပြည်သူများ နေရာအခက်အခဲနှင့် စားဝတ်နေ ရေး အခက်အခက်များစွာကြုံတွေ့ နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ၊ တော်အူး ခရိုင်အတွင်း ယခုလို ရေကြီးမှုသည် ၅၈ နှစ်အတွင်း အကြီးမားဆုံးဖြစ်ကာ ရေဘေးသင့် ကျေးရွာများသို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီနှင့် ဒေသခံတို့က လှေများဖြင့် ကယ်ဆယ်ပို့ ဆောင်ခြင်း၊ အရေးပေါ် အကူအညီများ ထောက်ပံ့ပေးခြင်းတို့ကို တက်အားသ၍ ပြုလုပ်ခဲ့သော်လည်း လုံလောက်မှု မရှိဘဲ အကူအညီနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု မြေပြင် ကူညီကယ်ဆယ်နေသူများက ပြောသည်။

ထို့အပြင် ရေကြီးမှုကြောင့် လယ်ယာ စပါးစိုက်ခင်းများပျက်စီးခဲ့သည့်အတွက် လာမည့်နှစ်အတွင်း တောင်ပေါ် ဒေသများ၌ စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် သုံးသပ် ပြောဆို ထားသည်။