Home သတင်း ရေကြီးမှု ဆိုးရွားသည့် တောင်ငူမြို့နယ်တွင် ကယ်ဆယ်ရေးနှင့်ကယ်ရမည့် လူဦးရေမမျှ၊ စက်လှေနှင့်ရိက္ခာများ လိုအပ်နေ

ရေကြီးမှု ဆိုးရွားသည့် တောင်ငူမြို့နယ်တွင် ကယ်ဆယ်ရေးနှင့်ကယ်ရမည့် လူဦးရေမမျှ၊ စက်လှေနှင့်ရိက္ခာများ လိုအပ်နေ

1027
Photo-CJ

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဆယ်စုနှစ်တစ်လျှောက် အဆိုးရွားဆုံးရေကြီးမှုနှင့် ရင်ဆိုင်နေရပြီး ကယ်ဆယ်ရေးအဖွဲ့နှင့် ပိတ်မိနေရာမှကယ်ထုတ်ရမည့် လူဦးရေ မမျှတသည့်အတွက် စက် လှေများ၊ ကယ်ဆယ်ရေးအဖွဲ့များအပြင် ရိက္ခာများလိုအပ်နေကြောင်း တောင်ငူမြို့ဒေသခံများမှ သိရသည်။

တောင်ငူမြို့ပေါ် ရပ်ကွက်များအပါအဝင် မြို့နယ်အတွင်းရှိ တပြေး၊ မိုးကောင်း၊ နောင်ဖို၊ ဒိုးအင်း၊ လေးအိမ်စု၊ အရှေ့ဆင်ရွာ၊ ကျေးအင်း၊ ထုံးဘို၊ ကွမ်းသီးပင်၊ သဖန်းပင် အစရှိသည့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများ ရေနစ်မြှုပ်နေသည့်အပြင် ရေစီးပြင်းထန်သဖြင့် နေအိမ်မှမထွက်နိုင်ဘဲ ပိတ်မိနေသူအများ အပြားလည်း ရှိနေသည်ဟု ကြုံတွေ့နေရသူဒေသခံများက ဆိုသည်။

ထိုအခြေအနေကြောင့် ကယ်ဆယ်ရေးအဖွဲ့ဦးရေနှင့် ကယ်ထုတ်ရမည့်လူဦးရေ မမျှတသလို ရေစီးသန်သောကြောင့် ကယ်ဆယ်ရေးစက်လှေများသွား သွားလာ၍ မရသဖြင့် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ပိတ်မိရာမှလွတ်မြောက်လာသူ နယ်ခံအမျိုးသမီးတစ်ဦးက ပြောသည်။

Photo-CJ

“မိုးကောင်းဘက်က ကျမတို့ရုံးဝန်ထမ်းတင် အယောက်(၂၀)လောက် ပိတ်မိနေရာကနေ မထွက်နိုင်သေး တာရှိတယ်။ အခြားနေရာတွေလည်း အတူတူပဲ ကယ်ဆယ်ရေးနဲ့လူအင်အားကမမျှတော့ဘူး။ ရေမြှုပ်တာ လူတစ်ရပ်စာကျော်တာ၊ နှစ်ထပ်တိုက်အိမ်တွေအထိ မြှုပ်ကုန်တယ်။ ရေကလည်းတအားစီးတော့ လူတွေကို ဆွဲဆွဲချသွားတဲ့ပုံစံ၊ လာကယ်ရင်တောင် စက်လှေနဲ့မှအဆင်ပြေမှာ၊ စားစရာတွေလည်း လိုတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

တောင်ငူမြို့နယ်အတွင်းသာမက ရေတာရှည်၊ ထန်းတပင် ဘက်တို့တွင်လည်း ရေကြီး၊ ရေစီးကြောင့် ပိတ်မိနေ သူများရှိနေ၍ တောင်ငူမြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များအပါအဝင် နီးစပ်ရာအဖွဲ့များ ဒေသခံ များမှ အင်တိုက်အားတိုက် ကူညီကယ်ဆယ်ပေးနေသော်လည်း မြို့နေလူဦးရေထက်စာလျှင် နည်းပါးနေသေး သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် ကူညီမည့် လူအင်အားလည်း လိုအပ်နေသည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးက ဆက်လက်၍ “မိုးကောင်းတံတားက မြှုပ်သွားပြီ ရေတအားစီးလို့လေ သွားလို့မရတော့ဘူး ။ မြို့ထဲမှာလည်း ကျုံးပတ်လည်ရေလျှံ၊ လမ်းမတွေလည်း ရေကျော်နေတယ်။ ကျမတောင် ပိတ်မိတဲ့နေရာက အခုလေးမှ လွတ်လာတာ ကျန်သေးတယ်အများကြီး။ လာကယ်တာကလည်း အရပ်ဖက်ကယ်ဆယ်ရေးအဖွဲ့ပဲရှိတာ ဘယ်အစိုးရအဖွဲ့မှမလာဘူး” ဟု ဖြည့်စွက်ပြောသည်။

Photo-CJ

ကြိုတင်သတိပေးကြေညာချက်မရရှိခဲ့သည့် ရေကြီးမှုအတွင်း စစ်ကောင်စီဘက်ကမူ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ပေးဝေရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းတို့လက်အောက်ခံ မီဒီယာများတွင် ဆက်တိုက်ဖော်ပြလျက်ရှိသည်။

သို့ရာတွင် တောင်ငူမြို့ရှိ စစ်ကောင်စီလက်အောက်ခံများက ရေဘေးအတွက် ကယ်ဆယ်ရေးလုပ်ရန် စက်လှေ တင်ဆောင်လာသည့် ဒေသခံအချို့ကို တားမြစ်စစ်ဆေးခြင်း၊ ချက်ချင်း မြို့တွင်းဝင်ရောက်ခွင့်မပေးခြင်း၊ ယူလာသည့်စက်လှေများအနက် တစ်စီးကိုသာ တောင်ငူရေဘေးကယ်ဆယ်ရေးအတွက် သယ်ယူခွင့်ပေးခြင်းတို့ ရှိနေသည်ဟု ၎င်းတို့၏အတွေ့အကြုံကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ဖော်ပြောပြချက်အရ သိရသည်။

ရေကြီးမှုမှာ တောင်ငူခရိုင်တစ်ခုလုံး အတိုင်းအတာနှင့်တွေ့ကြုံနေရခြင်းဖြစ်ပြီး တောင်ငူနှင့်နီးစပ်သည့် သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသကဲ့သို့ တောင်ပေါ်ဒေသတို့တွင် ရေဖုံးလွှမ်းမှု မဆိုးရွားသော်လည်း တောင်ကျချောင်းရေ အရှိန်ဖြင့်စီးဆင်းခြင်း၊ တောင်ပြို၊ မြေပြိုခြင်းတို့ဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့် စက်တင်ဘာလ(၁၁)ရက်နေ့က မြေပြိုမှုကြောင့် လိပ်သိုဒေသနေ မိသားစုလိုက်သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။