Home သတင်း နောင်ချို လေကြောင်းတိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ၊ တိုက်ပွဲဆက်ပြင်းထန်

နောင်ချို လေကြောင်းတိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ၊ တိုက်ပွဲဆက်ပြင်းထန်

834
Photo: TNLA

စက်တင်ဘာ ၂၃ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် စစ်ကောင်စီက စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးသွားသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA က သတင်းထုတ်ပြန်သည်။

ယခုလို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီးဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ တဖန်ကုန်း ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ယခုလို ထိခိုက်ဒဏ်ရာရ နေအိမ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီက နောင်ချိုမြို့အတွင်းသို့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် နောင်ချိုမြို့ ညဈေးတန်း၊ မြို့မဈေးနှင့် ဈေးရပ်ကွက် နယ်မြေ (၄) သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ဒဏ်ရာရခဲ့သည့်အပြင် နေအိမ်နှင့် ဆိုင်ခန်းတစ်ချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သေး သည်ဟု ဒေသခံများက ပြောသည်။

“TNLA သိမ်းထားတဲ့ ဒေသတော်တော်များများမှာ မနေ့ကအထိကို တိုက်ပွဲတွေပြန်ဖြစ်နေတယ် နောင်ချိုဘက်မှာ ဆို။ ဒေသခံတွေလည်း ပြန်ပြီးတော့ စစ်ဘေးပြန်ရှောင်နေရတယ်” ဟု ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo: TNLA

လက်ရှိ နောင်ချိုမြို့နယ်တွင်စစ်ကောင်စီ အမြောက်တပ် ၂၀၆ တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် ၉၀၂ တပ်စခန်းနေရာတွင် ညနေ ၄ နာရီဝန်းကျင်အချိန် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက် ရှိသည်။

အဆိုပါတိုက်ပွဲသည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသည့်အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA က ပြောဆိုသည်။

နောင်ချိုမြို့တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် နေ့စဥ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၅ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဒေသခံနေအိမ် ၂၇ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း တစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။