Home သတင်း စစ်တောင်းမြစ်ရေတက်လာသဖြင့် တောင်ငူမြို့နယ် အနိမ့်ပိုင်းကျေးရွာများ အရေးပေါ် ပြောင်းရွှေ့ရန် စီစဥ်နေ

စစ်တောင်းမြစ်ရေတက်လာသဖြင့် တောင်ငူမြို့နယ် အနိမ့်ပိုင်းကျေးရွာများ အရေးပေါ် ပြောင်းရွှေ့ရန် စီစဥ်နေ

1286

စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုကြောင့် စစ်တောင်းမြစ်ရေတက်လာသဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ မြစ်အနီး၊ မြေနိမ့်ပိုင်းမှ ကျေးရွာပေါင်း(၂၀)ရွာထက်မနည်းတွင် နေထိုင်သူများအား အရေးပေါ်ပြောင်းရွှေ့ပေးရန် စီစဥ်နေကြောင်း မြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့မနက်အစောပိုင်းမှစ၍ နေပြည်တော်နယ်မြေရှိ ဆင်သေဆည်မှရေလွှတ်ခြင်းနှင့် မိုးဆက်တိုက် ရွာသွန်းပြီး တောင်ကျချောင်းရေလျှံကျခြင်းတို့ကြောင့် လက်ရှိအချိန်ထိ စစ်တောင်းမြစ်ရေ မြင့်တက် လျက်ရှိရာ တောင်ငူမြို့နယ်ရှိ ကျေးရွာပေါင်း(၂၀)ရွာထက်မနည်း ရေနစ်မြှုပ်နိုင်သည့်အတွက် အရေးပေါ် ပြောင်းရွှေ့ရေးအစီအစဥ်များ စတင်တော့မည်ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

မြို့နယ်အခြေစိုက် T Rescue လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေအခု ခရိုင်ထွေအုပ်ရုံးမှာအစည်းအဝေးလုပ်နေတယ်။ နေ့လည်(၂)နာရီကနေစပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ကယ်ဆယ်ရေးစလုပ်မယ်။ အခုကတော့ကွင်းဆင်းတာပေါ့ ၊ လိုအပ်တာတွေကတော့ ကွင်းဆင်းပြီးမှသိရမယ်။ စစ်တောင်းမြစ်နားက ရွာ(၂၀)ကျော်မယ် ။ ရေတက်ပြီဆို သေချာပေါက်မြှုပ်ဖို့ရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

နေပြည်တော်နယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည်ရေလွှတ်ချသည့်အပြင် ပဲခူးတိုင်း၊ ရေတာ ရှည်မြို့နယ်ရှိ ဆွာဆည်ဖောက်ချမှုကြောင့် စစ်တောင်းမြစ်ရေ ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်အချို့၏ ပြောဆိုချက်အရ သိရသော်လည်း ကေအိုင်စီအနေဖြင့် အတည်မပြုနိုင်သေးပါ။

တောင်ငူမြို့နေ အမျိုးသမီးတစ်ဦးက “ကျမတို့က သံတောင်ကနေ တောင်ငူမှာ စစ်လာရှောင် နေတာကြာပြီ အခု ဆွာဆည်ကျိုးတယ်၊ ရေဖောက်ချတယ်ကြားလို့ သံတောင်ပြန်တက်ဖို့အားချင်းစီစဥ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကပင် မိုးသည်းထန်စွာရွာသွန်းမှုမရှိသော်လည်း နေပြည်တော်နယ်မြေ၊ ငလိုက်ဆည်နှင့် ပဲခူးတိုင်းရှိ ဆွာဆည်မှရေများကို ဖောက်ချခဲ့မှုကြောင့် တောင်ငူမြို့ပေါ် ရပ်ကွက်(၃)ခုအပြင် မြစ်အနီးကျေးရွာများမှ ဒေသခံထောင်နှင့်ချီ ရေဘေးသင့်ခဲ့ရဖူးသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအနှံ့ မိုးရေချိန်များပြားနေသဖြင့် မြစ်ရေများလျှံတက်ကာ လူနေအိမ်များရေနစ်မြှုပ်ခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပွားလျက်ရှိရာ ရေကြီးရေလျှံမှုပြင်းထန်သည့်နေရာမှ ဒေသခံပြည်သူများမှာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသတွင်းသတင်းမီဒီယာများနှင့် သက်ဆိုင်ရာမြို့နယ်အလိုက် ကယ်ဆယ်ရေးအဖွဲ့များ၏ ဖော်ပြချက်အရ သိရသည်။