စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ(၂၈၅)မှ တပ်ဖွဲ့ဝင်နှစ်ဦး ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်/ တပ်မဟာ(၄)နယ်မြေရှိ ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။
ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်နိုင်ဝင်းဦးဆောင်သည့် ခလရ(၂၈၅)မှ အသက်(၃၂)နှစ်အရွယ် ရဲမင်းနှင့် အသက်(၂၈)နှစ်အရွယ် ရဲမင်းကျော် တို့နှစ်ဦးမှာ စစ်ကြောင်းနှစ်ကြောင်းပေါင်း အင်အား(၆၀)ခန့်ရှိသော အဆိုပါ တပ်ရင်းမှ ထွက်ပြေးလာပြီးနောက် စက်တင်ဘာလ(၁၂)ရက်နေ့တွင် KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅)ထံ လာရောက်ပူးပေါင်းခဲ့ဖြစ်သည်။
ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက “စစ်ကောင်စီနဲ့ လက်တွဲပြီးအလုပ် မလုပ်ချင်တော့လို့ ကျနော်တို့ဆီကို အလင်းဝင်လာတာပါ။ လာရောက်ပူးပေါင်းတဲ့ တပ်သား(၂)ယောက်ကိုလည်း ကျနော်တို့က စစ်သုံ့ပန်းဥပဒေအတိုင်း ပံ့ပိုးကူညီသွားမှာပါ။ သူတို့အနေနဲ့ တော်လှန်ရေးမှာပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို ပြန်တိုက်ချင်တာဖြစ်ဖြစ်၊ သွားချင်တဲ့နေ ရာရှိရင်ပဲဖြစ်ဖြစ် ကျနော်တို့ ပံ့ပိုးပေးသွားမှာပါ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ခလရ(၂၈၅)တပ်ရင်းသည် လယ်မူလားမြို့နယ် တနင်္သာရီမြစ်နံဘေးရှိ ကျောက်လုံးကြီးကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းအထိ တပ်စွဲနေထိုင်ရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA, KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် ပုလောမြို့သို့ဆုတ်ခွာသွားသော တပ်ရင်းတစ်ခုလည်းဖြစ်သည်။
လက်ရှိတွင် KNDO တပ်ရင်း(၇) စစ်ရေးလှုပ်ရှားမှုနယ်မြေဖြစ်သည့် ပုလောမြို့နယ်အတွင်း ကျေးရွာအချို့တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်တိုက်ပွဲ နေ့စဥ်ဖြစ်ပွားနေသလို တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၄) သတင်းအရင်းအမြစ်များအရ သိရသည်။
အထက်ပါအခြေအနေများအပြင် ယခုနှစ်အတွင်း ကေအဲန်ယူ တပ်မဟာ(၄)နယ်မြေအတွင်း စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်လာနိုင်မှုကြောင့် စစ်ကောင်စီဘက်မှ ၎င်းတို့ထံသို့ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားအရေအတွက် သိသိသာသာ တိုးလာသည်ဟု ကေအဲန်ယူက ပြောသည်။



















