Home သတင်း သန်းခေါင်စာရင်းတွင် ပြည်ပရောက် သားသမီးကိစ္စဖြေဆိုရန် မိဘအချို့ စိုးရိမ်မှုရှိနေ

သန်းခေါင်စာရင်းတွင် ပြည်ပရောက် သားသမီးကိစ္စဖြေဆိုရန် မိဘအချို့ စိုးရိမ်မှုရှိနေ

128
Photo: SAC ပြန်ကြားရေး

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက လာမည့် အောက်တိုဘာလဆန်းတွင် တစ်နိုင်ငံလုံး သန်းခေါင် စာရင်းကောက်ယူမှုနှင့် ပတ်သက်၍ ပြည်ပနိုင်ငံထွက်ခွာသွားသည့် သားသမီး ကိစ္စကို ဖြေဆိုရန် မိဘတချို့စိုးရိမ်မှုရှိနေသည်ဟု သိရသည်။

စစ်ကောင်စီက ယခုနှစ်အတွက် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ထုတ်ပြန်ထားခြင်းဖြစ်ပြီး ၎င်းထုတ်ပြန်ချက်အပေါ်အခြေခံ၍ ပြည်ပရောက်နေသည့်သားသမီးများ၏ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ပဲခူးတိုင်း၊ အင်းတကော်မြို့ ရှိ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အခု သားက မလေးရှား၊ သမီးက စင်္ကာပူမှာပါ။ သန်းခေါင်စာရင်း ကောက်ချိန်မှာ သူတို့ ဘယ်ရောက်နေလဲမေးရင် အမှန်အတိုင်းပြောရမှာကို စိုးရိမ်တယ်။ ဘာလို့ဆို စစ်မှုထမ်းဖို့ ပြန်ခေါ် ခိုင်း ရင်ခက်မယ်။ နောက် ပိုက်ဆံတရားဝင်လွှဲရမယ်ဆိုတာကလည်း သူ့အလုပ်နဲ့ ဘဏ်တွေဘာတွေ သွားလွှဲဖို့ခက်တယ်။ နောက်သားက အလည်အပတ်နဲ့ သွားပြီး အလုပ်ရှာရတာ အမှန်ပြောဖို့က စိုးရိမ်နေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးသန်းခေါင်စာရင်း မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေဆိုရန် တိုက်တွန်းထား မှုများရှိသလို သန်းခေါင်စာရင်းကောက်ယူရာတွင်လည်း ပါဝင်သူများအနေဖြင့် နိုင်ငံခြား တွင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများဟူ၍ ပါရှိသည်။ ၎င်းအပြင် ပြည်ပ ရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာကိုပါ ထည့်သွင်းဖြေ ဆိုရမည်ဖြစ်သောကြောင့် မိဘများက စိုးရိမ်မှုများဖြစ်ပေါ်လာရခြင်းလည်းဖြစ်သည်။

ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆို ထားသော်လည်း အမှန်တကယ် ရွေးကောက်ပွဲ ပြုလုပ်ခြင်းထက် လက်ရှိတပ်သားသစ်စုဆောင်းခြင်း နှင့် တော်လှန်ရေးကာလအတွင်း နေရပ်စွန့်ခွာနေသူများ၏ အခြေအနေများကို သိရှိလိုရန် ရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူများက မှတ်ချက်ပြုထားသည်။

Photo: SAC ပြန်ကြားရေး

လတ်တလောတွင်လည်း စစ်မှုထမ်းဥပဒေကို ပြဌာန်းသတ်မှတ်ပြီးနောက် စစ်ကောင်စီအနေဖြင့် အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် စာရွက်စာတမ်းအပြည့်အစုံဖြင့် ပြည်ပထွက်ခွာသည့်လူငယ်များကို သွား လာခွင့် ပိတ်ပင်ထားမှုများရှိသလို လက်ရှိတွင်လည်း နိုင်ငံတစ်ဝှမ်း အတင်းအဓမ္မ တပ်သားသစ် စုဆောင်မှု များလည်း လုပ်ဆောင်နေလျက်ရှိသည်။

သာယာဝတီမြို့နယ်၊ ကုန်းမနဲ ကျေးရွာအုပ်စုရှိ ဒေသခံအမျိုးသားတဦးကလည်း “အခု သားသမီး တွေက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာ ရှိတယ်။ အမှန်တိုင်းပြောရရင် စစ်မှုမထမ်းချင်တာလည်း ပါတယ်။ သန်းခေါင်စာရင်းကောက်ချိန် ဘယ်လိုပြောရမလဲတော့မသိဘူး။ အမှန်တိုင်းပြောလို့ ပြန်ခေါ်ခိုင်းမှာလည်း ကြောက်မိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို သန်းခေါင်စာရင်းကောက်ခြင်းသည် မဲစာရင်းရရှိခြင်းထက် တခြားရည် ရွယ်ချက် လည်းရှိနိုင်တယ်လို့ စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်းကောက်မည့် အစီအစဉ်ကို လေ့လာစောင့်ကြည့်နေသည့် သုတေသနတာဝန်ခံအချို့က သုံးသပ်ပြောဆိုထားသည်။ အထူးသဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်များတွင် အခွန်ငွေရရှိရန်၊ စစ်မှုထမ်းကိစ္စများ နှင့် အတိုက်အခံအင်အား စုများကို ဖိနှိပ်ရန်အတွက်ပါ ပါဝင်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တို့တွင် ကောက်ယူခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ ကျော်ကြာ ၂၀၁၄ ခုနှစ်ရောက်မှသာ ထပ်မံကောက်ယူနိုင်ခဲ့သည်။ ၁၉၇၃ နှစ် ကောက်ယူစဉ် ကျား/မလူဦးရေပေါင်း ၂၈ သန်းကျော်ရှိပြီး ၂၀၁၄ ခုနစ်ကောက်ယူမှုတွင် (၅၁.၄)သန်းကျော်ရှိသည်ဟု သိရသည်။