စက်တင်ဘာ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ မြို့နယ် ၃ ခုတွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် လက်နက်ကြီးကျည်စထိမှန်၍ ဩဂုတ်လအတွင်း အရပ်သားပြည်သူ ၃ ဦး သေဆုံး ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခရိုင်က ပြုစုထုတ်ပြန်သည့် လချုပ်စာရင်း၌ ဖော်ပြထားသည်။
တပ်မဟာ(၁)နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထို၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် ဩဂုတ်လအတွင်း စစ်ကောင် စီက ကျေးရွာများသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ယခုလို သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်နက်ကြီးကြောင့် သေဆုံးသူ များထဲတွင် အသက် ၂၀ ဝန်းကျင်ရှိ လူငယ် ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများတွင် အသက် ၉ နှစ် အရွယ် နှင့်အသက် ၁၄ နှစ်အရွယ် ကလေးများ ပါဝင်နေကြောင်း သိရသည်။
အဆိုပါ မြို့နယ် ၃ ခုအတွင်းရှိ ကျေးရွာများတွင် ဩဂုတ်လအတွင်း နေအိမ် ၁၂ လုံးထိခိုက် ပျက်စီး ခဲ့ရပြီး ဒေသခံများမွေးမြူထားသည့် နွားတစ်ကောင်ပါသေဆုံးခဲ့သည်ဟု ခရိုင်က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
သထုံခရိုင်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကို စစ်ကောင်စီ အမှတ်-၄၄၊ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ (ခမရ-၂) ခြေမြန်တပ်ရင်း၊ အမြောက်တပ် -၃၁၄၊ ခြေမြန်တပ်ရင်း (ခမရ-၉)၊ အမှတ်(၃၁၀) အမြောက်တပ်နှင့် အမှတ်(၆၀၂) ဒုံးတပ်ရင်းတို့က ပစ်ခတ်ခြင်း ဖြစ်သည်ဟု ခရိုင်က ထုတ်ပြန်ထားသည်။
ထို့အပြင် ဒေသအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ ကြားနှစ်ဖက်တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သထုံခရိုင် တာဝန်ရှိသူများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးတွင် ဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ဝင်များနှင့် စစ်ကောင်စီတပ်ကြား နှစ်ဖက်စစ်ရေး ပဋိပက္ခများဖြစ်ပွားလျက်ရှိသည်။ အဆိုပါ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ သုံးသန်းကျော်အထိ ရှိလာနေပြီးဖြစ်ကြောင်း UNOCHA ၏ ဩဂုတ် လအတွင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။