ဝိုးတဝါးအနာဂတ်ကို ပုံဖော်နေရသူများ
ဆန်းထီ ( စက်တင်ဘာ ၅ရက်၊ ၂၀၂၄)
အဝါနုရောင်ဆေးသားသုတ်ထားသည့် ၁၂ ပေ ပတ်လည်အခန်းငယ်အတွင်း အသက် ၂၀-၃၀ ကြားအရွယ်ရှိ လူငယ်လေးဦး၊ လက်ဝယ်ဖုန်းကိုယ်စီကိုင်၍ ကြမ်းပြင်ပေါ် အိပ်သူအိပ်၊ နံရံ၌ မှီထိုင်သူထိုင်၍ စိတ်ပျက်လက်ပျက်လည်း အနည်းငယ်ရှိနေသည့်ဟန်။
“အလုပ်မရှိတော့ စိတ်ပိုညစ်တယ်။ ကျနော်တစ်ယောက်တည်း မဟုတ်ဘူး။ အကုန်လုံးက ထမင်းတောင် မစားချင်ကြတော့ဘူး။ မိသားစုကိစ္စတွေနဲ့။ အိမ်ကလည်း ဘယ်နေ့ အလုပ်ရမှာလဲ၊ နင်တို့အေးဂျင့်ယုံရရဲ့လားတွေ မေးလာပြီ။”ဟု အသက်(၃၀)အရွယ်ရှိ ကိုသူရစိုး(အမည်လွှဲ)က နံရံတွင် မှီထိုင်ရင်းက ပြောသည်။
ကိုသူရစိုးနှင့်အတူနေ မိတ်ဆွေလူငယ်(၃)ဦးမှာ နှစ်နိုင်ငံအကြား ချုပ်ဆိုသည့် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးပြီး၍ အလုပ်လုပ်ကိုင်ရန် ပြီးခဲ့သည့် ဩဂုတ်လ (၂၀)ရက်နေ့ကတည်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အစွန်တစ်နေရာတွင် ရောက်ရှိနေကြ သော်လည်း မြန်မာနိုင်ငံမှ တာဝန်ယူပို့ပေးလိုက်သည့် အေဂျင်စီက နှစ်ပတ်နီးပါးကြာ လာသည်အထိ အလုပ်ချထားမပေးသဖြင့် အလုပ်လက်မဲ့ဘဝ ရောက်နေကြခြင်းဖြစ်သည်။
“(၁)လပိုင်း ၁၂ ရက်နေ့ကတည်းက MOU စာချုပ်ချုပ်တာ Bangkok Food စက်ရုံမှာလုပ်ရမယ်။ နောက် (၃)လအ တွင်း ထွက်ရမယ်တဲ့ အေးဂျင့်ကပြောတယ်။ နောက်တော့ နေစရာမရှိသေးလို့ စက်ရုံမှာ စက်ပစ္စည်းတွေ မရောက်သေးလို့ဆိုပြီး အကြောင်းအမျိုးမျိုးပြလိုက်တာ (၈)လပိုင်း (၂၀)ရက်နေ့ကျမှ ထိုင်းကို ထွက်ရတယ်။ အောက်လမ်းကသွား ရင်ဖမ်းလို့ MOU နဲ့လာပါတယ်ဆိုမှ။”ဟု ကိုသူရစိုးက သူ့အဖြစ်အပျက်ကို ပြောပြသည်။
စိတ်ကူးနှင့်လက်တွေ့ ကွာဟနေ
ဧရာဝတီတိုင်း ဇာတိဖြစ်သည့် ကိုသူရစိုးမှာ ရန်ကုန်မြို့တွင် ယာဥ်မောင်းအလုပ်ဖြင့် အသက် မွေးကာ နယ်ရှိမိဘများအတွက် လုပ်ကိုင်ကျွေးမွေးနေသူတစ်ဦးဖြစ်သည်။ သူနှင့် MOU ချုပ်ဆိုထားသည့် Direct Resources Services Agency ၏ ကတိစကားကိုယုံ၍ မတ်လပိုင်းကတည်းက မူလအလုပ်မှထွက်၍ စောင့်ဆိုင်းမိခဲ့သည်။
သို့သော် အေဂျင်စီခ၊ လေယာဥ်လက်မှတ်ခ စသည့် ကုန်ကျမှုငွေ သိန်း(၄၀)ကျော် ကုန်ကျထားပြီး နောက်ဆုံးထိုင်းနိုင်ငံ ရောက်လာသော်လည်း အလုပ်လုပ်၊ ငွေစု အိပ်မက်ကို အကောင်အထည်မဖော်နိုင်ဘဲ စောင့်ပြီးရင်းစောင့်နေရသည်ဟု ကိုသူရစိုးက ဆက်ပြောသည်။
၎င်းက “မထွက်ခင်ရက် ပင်လုံမှာလူစုတော့ အေးဂျင့်က Bangkok Food စက်ရုံက လူ ၃၀ပဲခေါ်မှာမို့ အဆင်မပြေဘူး။ ဒါပေမဲ့ ဆေးဝါးနဲ့လျှပ်စစ်ရှိတယ်ပြောပြီး အခု ဘယ်စက်ရုံမှမခေါ်ဘူး။ ရန်ကုန်မှာကတည်းက အလုပ်ကို အစောကြီးက တည်းက ထွက်လိုက်ရတာ။ သူတို့ဘက်က မရေရာဘဲလိုက်ပြောတော့ ခုထိအလုပ်လက်မဲ့ဘဝတွေနဲ့ စောင့်နေရတယ်။ မရှိရှိတဲ့ကြားထဲက လာရတာ အတိုးပေါ်အတိုးဆင့်နေပြီဗျာ။”ဟု သက်ပြင်းချရင်း ပြောသည်။
ကိုသူရစိုး၏ပြောပြချက်အရ ၎င်းနည်းတူ Direct Resources Services Agency နှင့် MOU ရေးထိုးခဲ့ပြီး အလုပ်လုပ်ကိုင်ရန် ဩဂုတ်လ(၂၀)ရက်နေ့က ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ အလုပ်မရသေးသော အလုပ်သမား (၈၀)ဦးဝန်းကျင် ရှိနေသေးကြောင်း သိရသည်။
ကိုဗစ်-၁၉ ဂယက်ကြောင့် ရပ်ဆိုင်းသွားခဲ့သည့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်ခြင်းလုပ်ငန်းများမှာ ၂၀၂၂ခုနှစ်၊ မေလပိုင်းမှ ပြန်လည်ပတ်လာသလို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့က ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေနောက် ဆက်တွဲကြောင့် မြန်မာလူငယ်များ ထိုင်းနိုင်ငံသို့ တရားဝင်ဖြစ်စေ၊ တရားမဝင် ဖြစ်စေ အလုံးအရင်းဖြင့် ထွက်ခွာနေကြသည်။
ယင်းသို့ တရားမဝင်နည်းလမ်းဖြင့် အရဲစွန့်၍ နယ်စပ်လမ်းကြောင်းများမှ ထိုင်းသို့ ထွက်ခွာနေကြသူ လူငယ်များမှာ အာဏာပိုင်များ၏ ဖမ်းဆီးစစ်ဆေးခြင်းခံနေကြရသည်။ ကိုသူရစိုးကဲ့သို့ အဖမ်းခံရမည်ကိုကြောက်သဖြင့် နည်းလမ်းရှာကြံကာ အဆမတန် ငွေကြေးပေး၍ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သူများမှာလည်း ထိုင်းနှင့် မြန်မာ အေဂျင်စီများ၏ နည်းပေါင်းစုံဖြင့် အခွင့်အရေးယူခြင်းကို ရင်ဆိုင်ကြုံတွေ့နေရသည်။
အေဂျင်စီနှင့် စက်ရုံကြားက အခြေအနေ
ကိုသူရစိုး MOU ရေးထိုးထားသော Direct Resources Services Agency သည် ထိုင်းသို့ အလုပ်သမားပို့ဆောင်ရာတွင် တစ်သုတ်(တစ်ဖွဲ့)လျှင် အလုပ်သမားဦးရေ ၂၀၀ နီးပါး ပို့ဆောင်လေ့ရှိသော အေဂျင်စီဖြစ်ပြီး စစ်တပ်၏အလုပ်သမား ဝန်ကြီးဌာနက အသိအမှတ်ပြု ထားသည့် လိုင်စင်ရပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုလည်း ဖြစ်သည်။
“မင်းတို့အလုပ်မရလို့ တိုင်ရအောင် ထိုင်းနဲ့မြန်မာအစိုးရက စာချုပ်ချုပ်ပြီးသား။ မင်းတို့နောက်မှာ ဘယ်သူရှိလဲ။ NUG ရှိလား၊ PDF ရှိလားဆိုပြီး ထိုင်းဘက်ရောက်တော့ အေးဂျင့်ကပြောတယ်။”ဟု ထိုင်းရောက်ပြီးမှ အလုပ်မရသေးသဖြင့် အေဂျင်စီဝန် ထမ်းတစ်ဦးနှင့် စကားအချေအတင်ဖြစ်ချိန်၌ ကိုယ်တိုင်အပြောခံခဲ့ရကြောင်း ကိုသူရစိုးက ပြန်ပြောပြသည်။
အေဂျင်စီအနေဖြင့် စာချုပ်ချုပ်ဆိုပြီးနောက် ငွေစျေးနှုန်းမတည်ငြိမ်၍ အေဂျင်စီအခကြေးငွေ ပိုကောက်ခံရခြင်း၊ ထိုင်းဘက်မှ စာချုပ်ချုပ်ထားသည့် စက်ရုံကြောင့် ထိုင်းနိုင်ငံသို့ လုပ်သား ပို့ရန် အချိန်ကြာမြင့်ရခြင်းဖြစ်ပြီး ထိုစက်ရုံဘက်ကိုလည်း တရားစွဲဆိုရန် စီစဥ်နေသည်ဟု Direct Resources Services Agency မှ တာဝန်ရှိသူတစ်ဦးက MOU အလုပ်သမားများအား မြန်မာနိုင်ငံမှမထွက်ခင် စည်းဝေးပြောဆိုသည့် အသံဖိုင်မှတ်တမ်းအရ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်ရန် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အသိအမှတ်ပြုထားသော လိုင်စင်ရ အကျိုးဆောင် အေဂျင်စီများမှာ Direct Resources Services Agency အပါအဝင် စုစုပေါင်း (၅၀၀)ကျော်ရှိသည်ဟု ၎င်းတို့၏စာရင်းများအရ သိရသည်။
အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တရားဝင်အေဂျင်စီများဖြင့် ချိတ်ဆက်၍လည်းကောင်း၊ တရားမဝင်နည်းလမ်းဖြင့်လည်းကောင်း သွားရောက်အလုပ်လုပ်သူများ၊ စစ်မှုထမ်းဥပဒေ ပြဌာန်းထုတ်ပြန်ပြီးနောက်ပိုင်း ရရာနည်းလမ်းဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် လုပ်ကိုင်ကြသူများ စုစုပေါင်း သန်းနှင့်ချီရှိသည်ဟု စစ်ကောင်စီ၏ အလုပ်သမား ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။
ခေါင်းပုံဖြတ်သည့် စစ်ကောင်စီ
ထိုင်းရောက်မြန်မာလုပ်သားဦးရေ များပြားလာသည်နှင့်အမျှ ဖော်ပြပါအတိုင်း စာချုပ်ချုပ် ထားသည့်စက်ရုံတွင် အလုပ်မရခြင်း၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း၊ အဆိုးဆုံး အခြေအ နေတွင် လူကုန်ကူးမှုနှင့် အကြမ်းဖက်ခံရသည်အထိ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုလည်းများလာကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ် သမားများအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောဆိုသည်။
ထိုအခြေအနေတွင် စီးပွားရေးလိုအပ်ချက်ရှိနေသော စစ်ကောင်စီက ပြည်ပရောက် အလုပ်သ မားများ၏ လစာဝင်ငွေကို ၎င်းငွေအဖြစ် ပြောင်းလဲရန်ကြံစည်ပြီး လုပ်အားခ၏ ၂၅ ရာခိုင် နှုန်းကို စစ်တပ်ထိန်းချုပ်သော ပြည်တွင်းဘဏ်များမှတဆင့် မိသားစုထံ မဖြစ်မနေလွှဲစေသလို ဆယ်စုနှစ်တစ်ခုအကြာ ကင်းလွှတ်ခွင့်ပေးထားသည့် ပြည်ပရောက် နိုင်ငံသား များထံမှလည်း ဝင်ငွေခွန် အများဆုံး ၁၀ ရာခိုင်နှုန်းအထိ ကောက်ခံမည်ဖြစ် ကြောင်း ခေါင်းပုံဖြတ်ပြဌာန်းလျက်ရှိသည်။
ပြဌာန်းချက်ကို မလိုက်နာပါက ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းဖြင့် အရေးယူဆောင်ရွက် သွားမည်ဟု စစ်ကောင်စီက ကြေညာခြိမ်းခြောက်ထားသော်လည်း ပြည်ပရောက် အလုပ် သမားများ တွေ့ကြုံနေရသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအပေါ် အလျင်အမြန် စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးရေးမှာမူ လိုအပ်ချက်ရှိနေသည်။
စစ်ကောင်စီခန့်အပ်ထားသည့် ထိုင်းရှိ မြန်မာအလုပ်သမားသံအရာရှိအချို့မှာလည်း အလုပ်သမားအရေးထက် အခွင့်အရေးချိုးဖောက်သည့် အေဂျင်စီများထံမှ လာဘ်ပေး လာဘ်ယူပြုလုပ်၍ အကျင့်ပျက်ခြစားမှု ကျူးလွန်နေကြကြောင်း ပြည်ပရောက်မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်သူအချို့က ပြောဆိုနေကြသည်။
NUG ၏ အခန်းကဏ္ဍ
စစ်တပ်အာဏာတည်မြဲရေးကိုသာ အလေးပေးပြီး ပြည်တွင်းမှ အလုပ်သမားပြည်သူများ၏ အခွင့်အရေး၊ လူမှုစီးပွား ဘဝဖူလုံရေးကို ထည့်သွင်းစဥ်းစားခြင်းမရှိသော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားများအခွင့်အရေး ကာကွယ်ပေးနိုင်ရန်က မဖြစ်နိုင်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ပြောသည်။
ထို့အတူ စစ်ကောင်စီထုတ်ပြန်ထားသည့် အခွန်စည်းကြပ်မှု၊ လစာငွေလွှဲကိစ္စများနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်သည့် မည်သူ့မဆိုကို ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်းလည်း NUG ဘက်က သတိပေးချက်များ ထုတ်ပြန်ကြေညာထားသည်။ ၎င်းတို့အနေဖြင့်မူ ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်ဆောင် ရွက်ပေးနေသလို ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားရေးရာ အစုအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း လုပ်ဆောင်နေကြသည်ဟု သိရသည်။
“MOU နဲ့ လာတဲ့အလုပ်သမားတွေက ပိုဒုက္ခရောက်တယ်။ တရားဝင်စာရွက်စာ တမ်းရှိပါလျက်နဲ့ အလုပ်မရတာ၊ အလုပ်ကိုင်လွဲမှားတာ၊ စာချုပ်နဲ့မညီတာတွေပေါ့။ ကျနော်တို့ဝန်ကြီးဌာနကလည်း ချိုးဖောက်တဲ့အေဂျင်စီတွေ၊ စစ်ကောင်စီ ကိုအလုပ် ကျွေးပြုနေတဲ့ အေဂျင်စီတွေကို စုစည်းပြီးတော့ နာမည်ပျက်စာရင်းသွင်းပြီး အရေးယူမှုဖို့ စီစဥ်ဆောင်ရွက် နေပါတယ်။ အလုပ်သမားတွေကို ဒီထက်ပိုပြီး ကူညီစောင့်ရှောက်ပေးဖို့ လုပ်ဆောင်နေပါတယ်။”ဟု NUG အလုပ် သမားဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးကျော်နီက ပြောသည်။
ပြည်ပရောက်အလုပ်သမားများမှလည်း နိုင်ငံရေးကို မျက်ခြေမပြတ်စောင့်ကြည့်၍ တော်လှန်ရေးတွင် ပါဝင်အားဖြည့်ရန်နှင့် အခြေခံအလုပ်သမားအခွင့် အရေးချိုး ဖောက်ခံရမှုများအတွက် NUG က ဖွင့်လှစ်ထားသည့် အလုပ်သမားဝန်ကြီး ဌာန တိုင်ကြား ရေးယန္တရားပါ ဖုန်းနံပါတ်များကို ခေါ်ဆိုအကူအညီတောင်းခံနိုင်သည်ဟု ဦးကျော်နီက ဆိုသည်။
မည်သို့ဆိုစေကာမူ ယိုပေါက်ရှိနေသည့် ဥပဒေအောက်မှ ဖိနှိပ်ခံရမှုများ၊ ကုန်ဈေးနှုန်းနှင့် လုပ်ခလစာအကြား၊ အာဏာပိုင်များ၏ ဖမ်းဆီးဒဏ်ငွေရိုက်မှုများအကြား ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှာ ကျီးလန့်စာစား နေထိုင်ရင်း ဘ၀စိတ်ကူးများကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေကြရသည်။
ထိုအထဲတွင် ပါဝင်သည့် ကိုသူရစိုးကလည်း “ကိုယ့်မြန်မာနိုင်ငံမှာ ရတဲ့လစာနဲ့ ကုန်ဈေး နှုန်းက မကိုက်ဘူး။ သူများ နိုင်ငံလာတက်လုပ်တော့လည်း ဘာထူးမလဲ။ ကျနော်က ကားမောင်းစားလာတဲ့လူဆိုတော့ ဒီမှာလိုင်စင်ရအောင်လုပ် ပြီးရင် ကားမောင်းတဲ့ အလုပ် ပြောင်းချင်တယ်။ ရသလောက် ပိုက်ဆံစုပြီးတာနဲ့ မြန်မာပြည်ပြန်မယ်ဗျာ။ အမြန် အဆင် ပြေချင်ပါပြီ။”ဟု မျှော်လင့်ချက်အပြည့်ဖြင့် ဆိုသည်။