စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဘုရာသုံးဆူ- သံဖြူဇရပ် လမ်းမဘေးရှိ လွှတ်ရှမ်းရွာသို့ ဩဂုတ်လအတွင်းက စစ်ကူပေးရန် တက်လာသည့် စစ်ကောင်စီစစ်ကြောင်းက လမ်းမပေါ်ရှိ လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်သွားပြီး တစ်လကြာချိန်ထိ သတင်းမရဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါလူငယ် ၃ ဦးသည် သံဖြူဇရပ်သို့ သွားစဉ်လမ်း၌ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုးကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် လွှတ်ရှမ်းရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားသော်လည်း ထိုလူငယ် ၃ ဦးကို ပြန်မတွေ့ရသေးကြောင်း ဖားပြရွာရှိ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အဖမ်းခံရတာ ဟိုးဩဂုတ်လပထမအပတ်ကတည်းက လွှတ်ရှမ်းစခန်းကို စစ်ကူတက်လာတဲ့အချိန် အခုတစ်လ ကျော်ပြီး ဘာအစအနမှ မကြားသေးဘူး။ စစ်တပ်တွေက သူတို့စစ်ကူတက်လာတဲ့အချိန်မှာ အဲဒီကလေးတွေကို ဖမ်းတာ။ သတ်လိုက်တာလား၊ ဘယ်ကို ခေါ်သွားတာလဲမသိဘူး။ မိဘတွေကလည်း ပြန်လိုက်မရဲဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထိုဖမ်းဆီးခံရသည့် လူငယ် ၃ ဦးမှာ ဖားပြရွာနေ စောတင်ထွေးသား ငပြူး၊ စောအထွီးသား စောအိန် ဖိုးဟိနှင့်အတူ အမည်မသိသေးသည့် မယ်ကလုရွာသား လူငယ်တစ်ဦး ပါဝင်ကြောင်း အဆိုပါ ဖားပြကျေးရွာတာဝန်ရှိသူက ပြောသည်။
လွှတ်ရှမ်း စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်လခန့်ကြာ အပြင်းအထန်ပစ်ခတ်ခိုက်သည့်အတွက် စစ်ကူစစ်ကြောင်း အပါအဝင် စခန်းတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စက်တင်ဘာ ၁၁ ရက်နေ့ ညအချိန်တွင် စခန်းစွန့် ဆုတ်ခွာ ထွက်ပြေးသွားသည်။
စခန်းစွန့်ဆုတ်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းကြီးစစ်ကောင်စီတပ်စခန်းထံ သွားရောက် ပူးပေါင်းရန်သွားစဉ် လမ်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုရှိသလို သံဖြူဇရပ်ဘက်မှ စစ်ကူ တက်လာခြင်းများ ရှိသည်ဟု သိရသည်။