ရောင်းဝယ်သွက် ဖားအံ အိမ်ခြံမြေဈေးကွက်
ထူးကပေါ်
(စက်တင်ဘာ ၁၁၊ ၂၀၂၄)
“တစ်သောင်းတန် တစ်ကွက်တော့ ရောင်းထွက်သွားပြီး။”ဟု ဖားအံမြို့အခြေစိုက် အော်စကာ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းက ကရင်ပြည်နယ်၊ ဖားအံမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ်ကောင်းနေသည့် အခြေအနေကိုပြောပြ သည်။
ဈေးနှုန်းမြင့် ကျပ်သိန်းတစ်သောင်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည့် မြေကွက်မှာ ဖားအံမြို့၊ အမှတ် ၉ရပ်ကွက်၊ လမ်းဂွအနီး ဗိုလ်ချုပ်လမ်းမဘေးရှိ ပေ ၄၀၊ ၂၀၀ အကျယ်ရှိ မြေနှင့် မြေပေါ်အဆောက်အဦးတို့ ဖြစ်သည်။
လက်ရှိ ဖားအံမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ယခုလို သိန်းသောင်းချီတန် အမြင့်ပိုင်း(မြေနိမ့်မဟုတ်သည့်) မြေကွက် များ အရောင်းအဝယ်ဖြစ်နေသလို ကျပ်သိန်း ၃၀၀ မှ ၁,၀၀၀ ကြား မြေကွက်များလည်း နေ့စဉ်နီးပါး အရောင်းအဝယ် ဖြစ်နေသည်ဟု ဖားအံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
ဖားအံမြို့ ပေါ်ပေါက်လာပုံ ပြန်ကြည့်မည်ဆိုလျင် လွန်ခဲ့သည့် နှစ်ပေါင်း ၁,၀၀၀ကျော်ကတည်းက သံလွင်မြစ်ကမ်း ဘေးတွင် အိမ် ၂၀၀ခန့်ရှိရွာကြီးမှ အစပြုခဲ့သည်။ ရွာတည်ရှိသည့်နေရာသည် သံလွင်မြစ်ကမ်းအစွယ်တွင် အထင်ကရ ကျောက်စွန်းကြီးတစ်ခုရှိပြီး ထိုအစွန်းကို သျှမ်း-ယိုးဒယားဘာသာဖြင့် ဖားအံ(ကျောက်+အစွယ်)ဟု ခေါ်ဆိုခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့၏ ဖားအံမြို့နယ် ဒေသန္တရ အချက်အလက်ဆိုင်ရာ ပြုစုထားချက်တွင် ဖော်ပြထားသည်။
ဖားအံမြို့သည် အရှေ့မှ အနောက်သို့ ၄၀မိုင် ၇ဖာလုံနှင့် တောင်မှ မြောက်သို့ ၇၆ မိုင် ၂ ဖာလုံ ရှည်လျားပြီး မြန်မာနိုင်ငံ တွင် ပဥ္စမမြောက်အကြီးဆုံး မြို့တစ်ခုအဖြစ်သို့ ရောက်ရှိလာသည်။ ဖားအံမြို့ကို ၁၉၅၅ ခုနှစ်တွင် ကရင်ပြည်နယ်၏ အဆင့်မြင့်မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။
ထို့အပြင် ဖားအံမြို့သည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအဓိကလမ်းမပေါ်တွင် တည်ရှိခြင်း၊ ကရင်တို့၏ မြတ်နိုးစ ရာယဉ်ကျေးမှု လူမှုဘဝများကို မြင်တွေ့နိုင်သလို သဘာဝ တော၊တောင် အလှအပများဖြင့် ပြည့်နှက်နေပြီး နေချင့်စ ဖွယ်မြို့လေးဖြစ်သည်။
ယခုလို မြေခံရေခံကောင်းသည့် ဖားအံမြို့၏ မြို့ပေါ်အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ လူလတ်တန်းစားတို့သည်ပင်လျင် လက်လှမ်းမမှီသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်အတွင်း ပေ ၂၀၊ ပေ ၆၀ နှစ်ထပ်တိုက်ပါ မြေနှင့် အိမ်ကို သိန်း ၈၅၀ ခေါ်ဈေးရှိသည်ဟု မြေအရောင်းအဝယ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေ သူများထံမှ သိရသည်။
ထို့အတွက် သာမန် လခစားဝန်ထမ်းများနှင့် ပြည်သူအများစု လက်လှမ်းမမှီနိုင်သည့် ဈေးနှုန်းများ ဖြစ်သည်။ ထို့အပြင် မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက် ကျဆင်းနေပြီး ငွေဖောင်းပွမှု တိုးလာသည့်နည်းတူ ဖားအံမြို့ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း တို့သည်လည်း သုံးနှစ်အတွင်း အနည်းဆုံး နှစ်ဆနီးပါး ဈေးတက်သွားသည်ဟု မြို့ခံများက ပြောသည်။
“အရင်က ဖားအံမြို့ပေါ်တော့ မဟုတ်ဘူး။ မြို့ပေါ်နဲ့ နီးတဲ့ နေရာတွေမှာ သိန်း ၂၀၀ လောက်နဲ့ ပေ ၄၀၊ ၆၀ တစ်ကွက် လောက် ရနိုင်တယ်။ အခုက အနည်းဆုံး သိန်း ၄၀၀ ဖြစ်သွားပြီး ဈေးနှစ်ဆ တက်တယ်လို့ ပြောလို့ရတယ်။”ဟု ဖားအံ မြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ မြေဈေးများ အများပြည်သူ လက်လှမ်းမမှီနိုင်သည့် ဈေးနှုန်းထိ မြင့်မားနေသော်လည်း ရွှေ၊ ငွေ ထက် ခိုင်မာမှုရှိ သည့်မြေကို ဝယ်ယူရင်းနှီးမြှုပ်နှံကြသဖြင့် ယခုလို အရောင်းအဝယ်သွက်နေခြင်းဖြစ်သည်ဟု အကျိုးဆောင်များက ဆို သည်။
ကရင်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှု အသင်းဝင် အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုအော်စကာက “ကျနော့်ဆီလာအပ် တဲ့အကွက်တွေက ဈေးမြင့်တဲ့အကွက်တွေ များတယ်။ မနေ့က သိန်း ၄၈၀၀ တန် တစ်ကွက် ရောင်းထွက်သွားတယ်။” ဟု ပြောသည်။
လက်ရှိအချိန် ငွေဈေးမတည်ငြိမ်မှုများကြောင့် မြေကွက်အရောင်းအဝယ် ပြုလုပ်ရာတွင် ဈေးနှုန်းမငြိမ်သည့် အခြေအ နေမျိုးဖြစ်နေသည်ဟုလည်း အိမ်မြေအကျိုးဆောင်များက ဆိုသည်။
“အမြင့်ဆုံး ကျနော်ကိုင်ထားတာ အခု သိန်းတစ်သောင်းသုံးထောင်တန် ရှိတယ်။ တစ်သောင်းသုံးထောင်တောင်မှ ပိုင်ရှင်က မရောင်းနိုင်တော့ဘူးတဲ့ အဲ့လို ဖြစ်နေတယ်။ တစ်သောင်းသုံးထောင်မှာ တစ်သောင်းနှစ်ထောင်နဲ့ ငါးရာထိ လာပေးတဲ့သူရှိတယ်။ ပိုင်ရှင်မရောင်းနိုင်ဘူး။ တစ်သောင်းခွဲထိ သူတို့ဈေးပြန်တင်လိုက်တယ်။ အဲ့လိုတွေ။”ဟု ကိုအော် စကာက ထပ်ပြောသည်။
ဖားအံမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် ပြီးခဲ့သည့် နွေရာသီအတွင်းက အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ယခုကာလ လောက် အရောင်းအဝယ်မသွက်ဟု အကျိုးဆောင်များထံမှ သိရသည်။ ထိုသို့ အရောင်းအဝယ်သွက်နေခြင်းမှာ ရွှေစျေး ထက် ခိုင်မာမှုပိုရှိသည့် မြေကွက်များကို ရင်းနှီးမြှပ်နှံသူများလာ၍ဖြစ်ကြောင်း အရောင်းအဝယ် ကျွမ်းကျင်သူများက ပြောသည်။
“နွေတုန်းက ရွှေဈေးက နေ့တိုင်းတက်နေတော့ ရွှေပဲ ရင်းနှီးမြှုပ်နှံချင်ကြတယ်။ အခုချိန်မှာက ရွှေဈေးက တက်လိုက် ကျလိုက်ဆိုတော့ မြေဘက်ကိုရင်းတဲ့သူများတာ အဲ့လိုပါ။”ဟု ကိုအော်စကာက မှတ်ချက်ပြုပြောသည်။
အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် တိုင်းပြည်စီးပွားရေးနှင့် စပ်ဆက်နေပြီး တိုင်းပြည်စီးပွားရေးကောင်းပါက အများပြည်သူ စား၊ ဝတ်၊ နေရေး သုံးမျိုးအနက် နေထိုင်ရေးဘက်အပိုင်းကို ပိုမိုရင်းနှီးမြှပ်နှံလေ့ရှိကာ အိမ်၊ ခြံ၊ မြေ ဈေးကွက်လည်း ကောင်းမွန်လေ့ရှိသည်ဟု i myanamr house ၏ အိမ်၊ ခြံ၊ မြေ ဈေးကွက် သိကောင်းစရာ အစီအစဉ်တွင် စွမ်းမဟာ အိမ်ခြံမြေလုပ်ငန်း၏ မန်းနေဂျင်းဒါရိုက်တာ ကိုအောင်စိုးမိုးက ပြောသည်။
သို့သော် လက်ရှိ အိမ်ခြံမြေ ဈေးကွက်အရောင်းအဝယ် ကောင်းနေခြင်းမှာ တိုင်းပြည်စီးပွားရေး ကောင်းမွန်ခြင်းကြောင့် မဟုတ်ဘဲ နိုင်ငံရေးအခြေအနေ ရှုတ်ထွေးမှုများကြောင့် ပြည်သူများက ငွေကို လက်ထဲမကိုင်ထားလို၍ မရွှေ့ပြောင်းနိုင် သည့်မြေကို ဝယ်ယူရင်းနှီးမြှုပ်နှံသည့် အခြေအနေမျိုးဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
“တိုင်းပြည်စီးပွားရေးကောင်းရင် အိမ်ခြံမြေမှာ ပိုပြီး ဖွံ့ဖြိုးလာမယ်ဆိုတာ အမှန်ပဲ။ သို့သော်လည်းပဲ ဒီအခြေအနေမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေ အစ်ကိုတို့အိမ်ခြံမြေမှာဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံတာ ရှိတယ်။ တိုင်းပြည်စီးပွားရေးနဲ့ သက် ရောက်မှုရှိတယ်။ သို့သော်လည်းပဲ အနည်းအကျဉ်းတော့ အစ်ကိုတို့ဆီမှာ ပြောင်းပြန်သက်ရောက်မှုတွေလည်းရှိ တယ်။”ဟု စွမ်းမဟာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း၏ မန်းနေဂျင်းဒါရိုက်တာ၊ ကိုအောင်စိုးမိုးက ပြောသည်။
ယခုကဲ့သို့သော အခြေအနေများကြောင့် လူအများ ငွေမကိုင်ထားလိုဘဲ မြေဈေးကွက်အတွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ် နှံမှုပြုလာပြီး ပြည်တွင်းမြို့ပြများတွင်သာမက နိုင်ငံရပ်ခြားတွင်ပါ အိမ်၊ မြေ၊ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုမျိုးထိရှိလာခဲ့ သည်ကို တွေ့ရသည်။
ယခုနှစ် ပထမလေးလပတ်အတွင်း ထိုင်းနိုင်ငံတွင် မြန်မာများ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု ၃၉၂ခန်းအထိရှိကာ ထိုင်းတွင် နိုင်ငံခြားသားများကွန်ဒိုဝယ်ယူမှုမှာ မြန်မာက အဆင့် ၂အထိ ရှိလာခဲ့သည်။ သုံးနှစ်အတွင်း မြန်မာတို့ ထိုင်းဘတ် ၁၀ ဘီလျံကျော်ထိ ဝယ်ယူထားသည်ဟု ထိုင်းအိမ်ခြံမြေဈေးကွက်ဆိုင်ရာ ဌာန REIC က ဆိုသည်။
လက်ရှိတိုင်းပြည်စီးပွားရေး ကျဆင်းနေပြီး ငွေကြေးဖောင်းပွမှု မြင့်မားနေချိန်တွင် ဖားအံမြို့ မြေဈေးနှုန်းမှာ အများသူ ငှာ လက်လှမ်းမမှီ ဖြစ်နေသော်လည်း ငွေဈေးမတည်ငြိမ်မှုများကြောင့် ဖားအံ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အရောင်းအ ဝယ်သွက်နေဆဲပင်ဖြစ်သည်။
“ဖားအံ အုန်းတစ်ပင်က မြေကွက်ကို သိန်းလေးထောင်ငါးရာနဲ့ ရောင်းဖို့ ကြော်ငြာဖို့ မြေတိုင်းနေတုန်းရှိသေးတယ်။ လေးထောင်လာပေးတယ်။ မရောင်းနိုင်ဘူး ပိုင်ရှင်က။ ဘာဖြစ်လို့ မရောင်းနိုင်တာလဲလို့ မေးတော့ အရင်တုန်းက ဘတ် (ထိုင်းငွေ)နဲ့ အစ်မ ဒီလောက် ဒီလောက်နဲ့ ဝယ်ထားတာပေါ့နော်။ အခု လေးထောင့်ငါးရာလောက်ရမှ ကိုက်မှာ။ အဲ့လို တွေ ဖြစ်နေတယ်။”ဟု Oscar Real Estate က အရောင်းအဝယ်ကောင်းနေပုံကို ပြောပြသည်။