စက်တင်ဘာ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ဘေးရှောင်ပြည်သူအပါအဝင် လူနေများပြားသည့် ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် မြေများဝယ်လိုအားကောင်းလာသဖြင့် မြေပိုင်ရှင်မှ စစ်ရှောင် ပြည်သူများနေထိုင်ရာ နေရာအချို့ကိုပါ ထုတ်ရောင်းမှုရှိလာကြောင်း ကရင်နီအခြေစိုက် စစ်ရှောင်ကူအဖွဲ့များမှ သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခပြင်းထန်လာမှုကြောင့် ဒီးမော့ဆိုအနောက်ဘက်ဒေသသို့ ပြည်သူများ စစ်ရှောင်နေထိုင်လာကြရာမှ လူနေစည်ကား၍ အရောင်းအဝယ်များထွန်းကားလာပြီး မြေဈေး အဆမတန်ထိုးတက်၍ မြေယာဝယ်လိုအားနှင့်ရောင်းလိုအား များပြားလာခြင်းဖြစ်သည်။
၎င်းအနက် မြေယာပိုင်ရှင်အချို့မှာ ယခင်က စစ်ရှောင်များ နေထိုင်ရန်ပေးထားသော မြေများကို အကြောင်းအမျိုးမျိုးကြောင့် ထုတ်ရောင်းလာကြ၍ ပရဟိတအဖွဲ့အချင်းချင်း အကူအညီဖြင့် စစ်ရှောင်ပြည်သူများ ဆက်လက်နေထိုင်နိုင်ရေး ဖြေရှင်းရကြောင်း စစ်ဘေးရှောင်ကူအမျိုးသားတစ်ဦးက ပြောသည်။
၎င်းအမျိုးသားက “ပိုင်ရှင်က စစ်ရှောင်တွေရဲ့အမျိုးပဲ တော်လှန်ရေးမပြီးမချင်းနေဆိုပြီး နေရာပေး ထားတာ။ ဒါပေမဲ့ နောက်ပိုင်း မြေဈေးတွေအဆမတန်များတော့ မြေထုတ်ရောင်း တာတွေရှိလာတယ်။ စစ်ရှောင်နေရာမှန်းမသိ၊ ဝယ်တဲ့သူကလည်းဝယ်ကြတယ်။ လတ်တလောဆို စာသင်ကျောင်းနေရာပေါ့။ ထုတ်ရောင်းလိုက်လို့ စာသင်ကျောင်းဆောက်ပေးတဲ့ပရဟိတအဖွဲ့က သိန်း(၅၀)မတည်ပြီး ကျနော်တို့ တွေ ဝိုင်းကူထည့်၊ မြေပိုင်ရှင်ဆီက ပြန်ဝယ်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူပင် ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာရှိ လိုဘာခိုဈေးကုန်းနေရာအား မြေပိုင်ရှင်မှ အိမ်ပြန် ဆောက်လိုသည်ဟုကာ လက်ရှိနေထိုင်သည့် စစ်ဘေးရှောင်များကို လေးလအတွင်း ပြောင်းခိုင်း ထားသလို အိမ်ခြေ(၇၀)ကျော်ရှိ လက်ပံကုန်းစစ်ဘေးရှောင်စခန်းကိုလည်း ရောင်းထုတ်တော့မည့် အသိပေးချက်ရရှိထားသည်ဟုလည်း ဖော်ပြပါ စစ်ရှောင်ကူအဖွဲ့ထံမှ သိရသည်။
“လိုဘာခိုဈေးကုန်းဆိုလည်းပြောင်းခိုင်းပြီ နောက်တစ်ခုကလည်းမကြာခင်ရောင်းတော့မယ်ဆိုပြီး အသံ ကြားရတယ်။ နောက်ဆုံးရောင်းထွက်သွားရင် ကျနော်ကတော့ စစ်ရှောင်တွေကို ပြောင်းဖို့အချိန်ပေးဖို့ ကြိုတင်သတိပေးတဲ့သဘောပါ။ တချို့နေရာတွေမှာလည်း အဲ့လိုရောင်းထုတ်နေတာတွေရှိနေတယ်၊ အတိအကျသာမသိရသေးတာ။” ဟု ၎င်း စစ်ဘေးရှောင်ကူ အမျိုးသားက ဆက်ပြောသည်။
မြေယာပိုင်ရှင်များအနေဖြင့် အခက်အခဲအမျိုးမျိုးကြောင့် မိမိတို့ပိုင်မြေများကို ထုတ်ရောင်းရန်ရှိသော ၎င်းမြေတွင် လက်ရှိနေထိုင်သော စစ်ဘေးရှောင်များအား ကြိုတင်အသိပေးစေလိုပြီး စစ်ဘေးရှောင်များ အနေဖြင့်လည်း လက်ရှိရောင်းအား၊ ဝယ်အားကောင်းနေသော ကတ္တရာလမ်းမကြီးဘေးမှ မြေများကို ရွေးမနေစေလိုကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ မြေဈေးသည် အကျယ်အဝန်းအလိုက် ယခင်သိန်းဆယ်ဂဏန်းမှ ယခု သိန်းရာနှင့်ချီ ပေါက်ဈေးရှိပြီး အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်ကြောင်း အရောင်းအဝယ်ပြုလုပ်နေသူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလပိုင်းက စတင်ခဲ့သော ကရင်နီတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များဦး ဆောင်သည့် ၁၁၁၁(တစ်လေးလုံး) စစ်ဆင်ရေးအတွင်း ကရင်နီပြည်နယ်၏ စစ်ရေးအခြေအနေ ပိုမိုပြင်း ထန်လာပြီးနောက် ရေရှားပါးရာအရပ်ဒေသတစ်ခုဖြစ်သော်လည်း ဒီးမော့ဆိုအနောက်ခြမ်းသို့ ရွှေ့ပြောင်း နေထိုင်သည့် စစ်ဘေးရှောင်များပြားလာသည်။