Home တွေ့ဆုံမေးမြန်းခန်း မြို့တော်စည်ပင် အငယ်တန်း အင်ဂျင်နီယာ- ၂ CDM ဆရာမ စနိုးနှင့် ဆက်သွယ်မေးမြန်းချက်

မြို့တော်စည်ပင် အငယ်တန်း အင်ဂျင်နီယာ- ၂ CDM ဆရာမ စနိုးနှင့် ဆက်သွယ်မေးမြန်းချက်

223

မြို့တော်စည်ပင် အငယ်တန်း အင်ဂျင်နီယာ- ၂ CDM ဆရာမ စနိုးနှင့် ဆက်သွယ်မေးမြန်းချက်

“တိုင်းပြည် ပြန်လည်ထူထောင်တဲ့ အချိန်မှာလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်နိုင်ကြပါစေ”

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) စစ်ဆေးရေးဌာနခွဲမှ CDM ပြုလုပ်ခဲ့သူ အငယ်တန်း အင်ဂျင်နီယာ -၂ ဆရာမစနိုး(Snow)၏ လက်ရှိ ဘဝဖြတ်သန်းနေပုံ၊ ဘဝတူအမျိုးသမီး CDM ပြုလုပ်ခဲ့သူများ ထိုင်းနိုင်ငံ မဲဆောက်မြို့၌ အိမ်တွင်းလက်မှုလုပ်ငန်းများ လုပ်ဆောင်ကာ ရပ်တည်နေမှု စသည့်တို့အား ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ CDM လုပ်ရတဲ့ အကြောင်းကို ပြောပြပေးပါ။

ဖြေ။ ။ CDM ဘာလို့စလုပ်ဖြစ်လည်းဆိုတော့ အစ်မတို့ကကျတော့ ကြံ့ခိုင်ရေးပါတီက အောင်သိန်းဆိုတဲ့သူက မြို့တော်ဝန်ဖြစ်လာတယ်။ မြို့တော်ဝန်ဖြစ်တဲ့အချိန်မှာ သူကမဲဆွယ်လို့ရမဲ့ နေရာတွေကိုပဲ လမ်းပြင်ပေးတယ်။ မဲနိုင်ပြီးဆိုရင် လမ်းတစ်ဝက်ထက်ခင်းပေးမယ်ဆိုပြီး မဲဆွယ်ကာလတွေမှာ လုပ်ဆောင်တယ်။ ဒါပေမဲ့သူရှုံး သွားတယ်။ ကြံ့ခိုင်ရေးက အာဏာရတဲ့တစ်လျှောက်မှာ တော်တော်ဆိုးရွားခဲ့တယ်။

အဲ့ဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် တက်လာတော့ လမ်းတွေကသိသိသာသာကို ပြောင်းလဲလာတယ်။ ငါးနှစ် မှာတောင် တိုးတတ်လာတာ ထပ်အုပ်ချုပ်မယ်ဆိုရင် ဘယ်လောက်တောင် ပြောင်းလဲလာမလဲ အစ်မတို့ အနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိလာမယ်ဆိုတာ ကြားတော့ ပြည်သူတစ်ယောက် အနေနဲ့မျှော်လင့်တယ်။ ရွေးကောက်ပွဲမှာလည်း NLDကို မဲပေးခဲ့တယ်။

အဲ့လောက်ထိကို ကိုယ့်နိုင်ငံပြောင်းလဲလာတော့မယ်ဆိုတဲ့ ရည်ရွယ်ချက်မျှော်လင့်ချက်တွေထားခဲ့ပေမဲ့ အာဏာလည်းသိမ်းလိုက်တော့ မျှော်လင့်ချက်တွေ အကုန်ပျောက်ကုန်တယ်။ အဲ့တာနဲ့အခုလိုလုပ်ရပ်တွေက မတရားဘူး ဆိုပြီးတော့ CDM ကိုစတင်လုပ်ဆောင်ခဲ့ပါတယ်။

မေး။ ။ စီဒီအမ်လုပ်ပြီးတဲ့နောက်ပိုင်း လွတ်မြောက်နယ်မြေအပြင် မဲဆောက်မြို့ရောက်တဲ့အထိ နိုင်ငံရေးထဲမှာ ဘယ်လို ပါဝင်ခဲ့သလဲ။ လုပ်ဆောင်ခဲ့မှု အကျဉ်းပြောပြပေးပါ။

ဖြေ။ ။ အစ်မက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာ အကြီးတန်းမှတ်ပုံတင်ရ အင်ဂျင်နီယာဖြစ်တယ်။ လက်မှတ် တွေလည်းရထားတယ်။ အစ်မက အင်ဂျင်နီယာအသင်း အဖွဲ့ဝင်လည်းဖြစ်တော့ စပြီးဆန္ဒပြတဲ့အချိန်ကတည်းက အင်ဂျင်နီယာ အသင်းတွေဆန္ဒပြကြတဲ့ လမ်းကြောင်းတိုင်းမှာ လိုက်ပြီးတော့ ဆန္ဒပြလှုပ်ရှားခဲ့တယ်။ ဆန္ဒပြပြီးတဲ့ နောက်မှာလည်း ဆန္ဒပြတဲ့သူတွေကို အချိုရည်တွေဝေတယ်။ မုန့်၊ ထမင်းကအစ ကိုယ်နိုင်တဲ့ဘက်က လုပ်ဆောင် တယ်။

မဲဆောက်ဘက်ကို မရောက်ခင်အချိန်ထိ ဂိမ်းကိုဘယ်လိုကလစ်ရမယ် ဆိုတာကအစသင်ပြီး လိုက်လုပ်တယ်။ တော်လှန်ရေးက ဒီလောက်အထိကြာမယ်လို့လည်း မထင်ဘူး။ တော်လှန်ရေးကမြန်မယ်၊ လပိုင်း လောက်ပဲ ကြာမယ် ထင်ခဲ့တာ။ အဲ့တုန်းကဆို တော်တော်လေးကို လှူပေးဖြစ်ခဲ့ပါတယ်။ မဲဆောက်ကိုရောက်လာချိန် မှာလည်း အခုချိန်ထိ နိုင်တဲ့ဘက်ကနေပြီးတော့ တရက်မပျက်လှူခဲ့ပါတယ် ဒီနေ့အချိန်ထိကို။

မေး။ ။ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းရောက်ရှိလာတဲ့အခါမှာကော အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လို ရပ်တည်ခဲ့လည်း ဘာလိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ ပြောပြပေးပါဦး။

ဖြေ။ ။ မဲဆောက်ကိုရောက်လာအချိန်မှာ ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် နေထိုင်တဲ့ပုံစံတွေက မတူဘူး။ ကိုယ့်အိမ် မှာကိုယ်နေရင်အိမ်လခ ပေးစရာမလိုဘူး။ အခုတော့ ဒီနိုင်ငံမှာရောက်လာတဲ့အတွက် ဘယ်သူမဆိုရင်ဆိုင်ရမှာ ကတော့ နေဖို့အတွက်ပါ။ စားဖို့ကကျတော့ ကိစ္စမရှိပေမဲ့ နေစရာမရှိရင် ဒုက္ခရောက်တယ်။ ဒီမှာလည်း ရဲတို့ဘာတို့ ကလည်း ဒီမှာကျတော့ ရဲတွေကလည်းကြောက်ရတာတွေ ရှိတယ်။ အဲ့တော့ ရောက်ရောက်ချင်းဆိုရင်တော့ ကိုယ်ကဘာမှကို မသိတဲ့နေရာ အဲ့တော့အသိတစ်ယောက်အိမ်ကို လိုက်လာခဲ့တယ်။

နောက်တော့ သင်တန်းတစ်ခုမှာ စီနီယာအစ်မတစ်ယောက်နဲ့ ချိတ်ဆက်မိတယ်။ သူနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေ တက်ဖြစ်တယ်။ ရောက်ရောက်ချင်းမှာကတော့ သင်တန်းက တော်တော်စုံတယ်။ ဆပ်ပြာ သင်တန်း၊ ချည်ထိုးပန်းထိုး၊ အီကိုပရင့်သင်တန်းတွေ၊ လက်မှုပညာနဲ့ပတ်သက်တဲ့ သင်တန်းတော်တော်များများကို တက်ဖြစ်တယ်။ လက်ရှိမှာလည်း တက်နေတယ်။

အဲ့တာနဲ့သင်တန်းမှာတွေ့တဲ့ သူငယ်ချင်းလေးယောက် တိုင်ပင် ပြီး Eco print သင်တန်းကို စလုပ်ဖြစ်တယ်။ လုပ်ငန်းစလုပ်ပြီးဆိုရင် ဈေးကွက်ရှိမှ အဆင်ပြေမယ်။ ဝန်ကြီးဌာနက ဂျပန်ဆရာမတစ်ယောက်နဲ့ချိတ်ဆက်မိပြီး အဲ့ဒီဆရာမက အော်ဒါတင်ဖို့အတွက် ငွေကြေးအရင်းအနှီးကို စတင်ထုတ်ပေးရာကနေမှ ဒီလုပ်ငန်းကို စတင် လာနိုင်ခဲ့တယ်။

မေး။ ။ မိသားစု စားဝတ်နေရေးအတွက်ကော၊ ဘဝတူ CDM တွေအတွက် ဘယ်လိုလုပ်ဆောင်နေကြလဲ။

ဖြေ။ ။ အခုအလုပ်တွေ လုပ်နေတာကတော့ စားဝတ်နေရးအတွက်ပါပဲ။ မိသားစုအတွက်ကတော့ အဲ့လောက်ထိ စိတ်မပူရဘူး။ အိမ်ကမောင်လေးကလည်း ထောက်ပံ့ပေးနေတာဆိုတော့။ အဲ့လိုထောက်ပံ့မှုမျိုးတွေ ရှိတဲ့အတွက် အခုအလုပ်ကရတဲ့ ပိုက်ဆံအများစုကိုတော့ ဘဝတူအဆင်မပြေတဲ့ CDM တွေ၊ စစ်ဘေးဒဏ်သင့်နေတဲ့ နေရာတွေ အပြင်ကိုမှ လှူသင့်တယ်လို့ထင်တဲ့ နေရာတော်တော်များများကို တော်လှန်ရေးအတွက် ပိုပြီး လှူနိုင်သွားတယ်။

မေး။ ။ အခုကိုယ်ရွေးချယ်ခဲ့တဲ့ ရွေးချယ်မှုကို နောင်တရတာမျိုး စိတ်ထဲမှာ ခံစားဖူးသလား ၊ ပြီးတော့ ကိုယ့် ပတ်ဝန်းကျင်မှာရော၊ နိုင်ငံရေးကို လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဖိအားပေးခံရတာမျိုးရှိလား ရှင်းပြပေးပါ။

ဖြေ။ ။ အဲ့လိုမျိုးရွေးချယ်ခဲ့တဲ့အတွက် စိတ်ထဲမှာဘာခံစားမှုမျိုးမှတော့မရှိဘူး။ အာဏာသိမ်း စစ်ကောင်စီဘက် ကလည်း တော်တော်လေးကို အထိနာနေပြီး။ အဲ့လိုမျိုးမှ မဟုတ်ရင် စစ်ကောင်စီက အမြစ်ပြတ်မှာမဟုတ်ဘူး။ တစ်ခုခုဆိုရင် လက်နက်အားကိုးပြီး ပြည်သူတွေကိုအနိုင့်ကျင့်သတ်ဖြတ်‌နေတာတွေကို လုပ်ဆောင် နေတယ်။ အဲ့တော့ အခုလိုမျိုးကိုယ်တိုင်က လုပ်ဆောင်နေတဲ့ အချိန်မှာ တဖြည်းဖြည်းနဲ့ကိုယ့်ဘက်က အသာရနေပြီး။

တော်တော်လေးလည်း အောင်မြင်မှုတွေရနေပြီး။ နောင်တကတော့ လုံးဝမရပါဘူး ။ ဒါပေမဲ့စိတ်တော့ မကောင်းဘူး ကျမလုပ်သက်က၂၁ နှစ်ကျော် သွားတဲ့အချိန်မှာ ဒီလိုစစ်တပ်က လုပ်ဆောင်တယ်။ ရုံးမှာလည်း ကျမဘာအမှားမှ လုပ်ဆောင်ထားတာ မရှိဘူး။ အရင်တုန်းကတောင် သူတို့ပေးတဲ့ ဝန်ထမ်းကောင်းဆုတောင် နှစ်ကြိမ်ရထားပြီးသားလေ။ အဲ့တော့ စိတ်မကောင်းဖြစ်တယ် တခါတလေတော့။ ဒါပေမဲ့ဒီလိုလုပ်လိုက်တဲ့အတွက် နောင်တစ်ချိန်မှာ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်လာမှာဖြစ်တဲ့အတွက် နောင်တလုံးဝမရပါဘူး။ မနိုင်မချင်း တိုက်သွားမှာ ဖြစ်တယ်။

မေး။ ။ အခု နိုင်ငံရေး အခြေအနေ၊ အခင်းအကျဉ်းအပေါ်မှာ ဘယ်လို ရှုမြင်သလဲ။ ဘယ်လို မျှော်လင့်ထားသလဲ။

ဖြေ။ ။ နိုင်ငံရေးကိုဘယ်လိုမြင်လည်းဆိုတော့ နေရာတိုင်းမှာ အနိုင်ရတာတွေကို ကြားနေရတယ်။ မြင်နေရ တယ်။ တွေ့နေရတယ်။ အဲ့လိုနိုင်ပြီးသားနေရာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ တောက်လျှောက်ဗုံးတွေ ကြဲနေတာမြင်ရတော့ တော်တော်လေးလည်း စိတ်မကောင်းဖြစ်မိတယ်။ တိုက်နေတဲ့ကလေးတွေကလည်း ခဏခဏ ဆုံးတယ်လို့ကြားနေရတယ်။ အဲ့တော့စိတ်မကောင်းဖြစ်ရတယ်။ ဘယ်တော့ပြီးမလဲသာ မသိတာ နိုင်နေပါပြီး။

မေး။ ။ နိုင်ငံရေးအခြေအနေ ပုံမှန်ပြန်ဖြစ်သွားတဲ့အခါကျရင် ဘာတွေ ပြန်လုပ်မယ်လို့ စိတ်ကူးထားသလဲ။

ဖြေ။ ။ နိုင်ငံရေးအခြေအနေ ပုံမှန်ပြန်ဖြစ်သွားတဲ့အချိန်မှာ ကိုယ့်ဌာနမှာ ကိုယ်ကအပစ်မရှိဘဲနဲ့ ကိုယ့်ကိုထုတ်ပစ် ခံရတာ ဖြစ်တဲ့အတွက် အဲ့ဒီအတွက်တရားမျှတမှုကိုပြန်ယူမယ်။ အဲ့ဒါအတွက်လုပ်ဆောင်ပြီး ပြီးဆိုရင် ကိုယ်ပိုင် အလုပ်အတွက် မိသားစုနဲ့ပြန်ပြီးတော့ လုပ်ချင်တဲ့စိတ်တွေပဲ ရှိတော့တယ်။ အေးအေးချမ်းချမ်းနဲ့ပဲ ဖြတ်သန်း ချင်တော့တယ်။ ဒီကာလမှာနေထိုင်ရတာက မြင်ရတာတွေ့နေရတာတွေက တအားကိုစိတ်ပျက်ဖို့ ကောင်းတယ်။ ဒါကြောင့် အခုနောက်ပိုင်း အေးအေးချမ်းချမ်းဖြစ်မဲ့နေရာတွေ အလုပ်တွေလုပ်ပြီး နေချင်ပါတော့တယ်။

မေး။ ။ ဘဝတူ CDM အမျိုးသမီးတွေကို ဘာများ သတင်းစကားပါးချင်လဲ။ အားပေးစကား ပြောချင်လဲ။

ဖြေ။ ။ ကျမက ကျောင်းပြီးကတည်းက အလုပ်ကိုစဝင်ခဲ့တယ်။ အလုပ်မှာပဲ တောက်လျှောက်လုပ်လာခဲ့တယ်။ ဒီလိုမျိုး လက်မှုပညာတွေကိုတစ်ခါမှ မလုပ်ဖူးဘူး။ လုပ်ရလိမ့်မယ်လို့လည်း မတွေးခဲ့ဖူးဘူး။ ဒီလည်းရောက်ရော အဲ့ဒီလက်မှုလုပ်ငန်းလေးက မဆိုးဘူး၊ အတန်အသင့်ကို အောင်မြင်နေတယ်။ CDM အမျိုးသမီးတွေအနေနဲ့ကလည်း အချိန်တစ်ခုပေးပြီးတော့ သည်းခံပြီးတော့ လုပ်ကြဖို့အကြံပေးချင်ပါတယ်။

ဘဝရပ်တည်နိုင်ဖို့အတွက် အလုပ်တစ်ခုမဟုတ်တစ်ခုကို လုပ်ရမှာဖြစ်တယ်။ အလုပ်တွေလုပ်ရင်း ဝင်ငွေရတဲ့ အတွက်ကြောင့် တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ တိုင်းပြည်ပြန်လည်ထူထောင်တဲ့ အချိန် မှာလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်နိုင်ကြပါစေ လို့လည်း ဆုတောင်းပေးပါတယ်ရှင့်။