Home သတင်း ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းတံတားဂိတ်စခန်းတိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းတံတားဂိတ်စခန်းတိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

755
Photo: CJ

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းရှိ သဲဖြူ ချောင်းတံတား စစ်ကောင်စီဂိတ်စခန်းကို စက်တင်ဘာလ(၉)ရက်နေ့က တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၇)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်(၂)ဦး သေဆုံး၊ (၄)ဦး ထိခိုက်မှုရှိခဲ့သည်ဟု နယ်မြေတာဝန်ရှိသူထံမှ သိရသည်။

ထိုနေ့ နံနက်(၁၀)နာရီဝန်းကျင်က သထုံခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ တပ်ရင်း (၇၈၀၅) ပါဝင်သော တော်လှန်ရေးအင်အားစုများမှ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ပူးတွဲတပ်စွဲထားသော တံတားလုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုအတွင်း တော်လှန်ရေးအင်အားစုမှ စစ်ကြောင်းမှူး တစ်ဦး ညာလက်ပြင်နေရာ ကျည်ထိမှန်သေဆုံးခဲ့ရပြီး ကျန်ရှိ တပ်ဖွဲ့ဝင်(၄)ဦးအနက် (၃)ဦးမှာလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု သထုံခရိုင်နယ်မြေတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အတူ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်သဖြင့် ဂိတ်စခန်းအနီးမှ သရက်ကုန်း၊ သပြေနီ၊ သဲဖြူချောင်း အစရှိသည့်ကျေးရွာမှဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးကြရပြီး ရွာအတွင်းနေအိမ်များပေါ် စစ်ကောင်စီတပ်စွဲနေထိုင်သဖြင့် လက်ရှိအချိန်ထိ နေအိမ်မပြန်နိုင်ကြောင်းလည်း ‌ဘီးလင်းနယ်ခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီရွာသုံးရွာက ဂိတ်နားအနီးဆုံးရွာတွေဆိုတော့ ပြေးကြတာ ရွာလုံးကျွတ်ပဲ။ အိမ်တွေပေါ်အထိ စစ်တပ်က တက်နေတော့အခုထိ အိမ်မပြန်ရဲဘူး။ သူ့ဘေးကရွာတွေလည်း သတိနဲ့နေရတယ်။” ဟု အဆိုပါ ဘီးလင်းနယ်ခံ အမျိုးသားက ကေအိုင်စီသို့ ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်ကြောင့် ‌ရန်ကုန်-မော်လ မြိုင်လမ်းပေါ် ခရီးသွားလာသည့်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျွန်းတောရွာနေ အသက်(၁၀)နှစ်အရွယ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီဘက်က ဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာများတွင်မူ အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း ၎င်းတို့ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး (၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသာ ဖော်ပြထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁) ထိန်းချုပ် နယ်မြေလည်းဖြစ်သည့် သထုံခရိုင်အတွင်း စစ်ကောင်စီဂိတ်စခန်း၊ တပ်ရင်း၊ တပ်ခွဲနေရာများ တော်လှန်ရေးတပ်ဖွဲ့များ၏ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်ခံနေရသည်။