Home သတင်း ဖားအံရေကြီးရေလွှမ်းမှုကြောင့် တစ်မြို့လုံးနီးပါး ရေမြှုပ်နေပြီး ကုန်း ၃ နေရာသာကျန်

ဖားအံရေကြီးရေလွှမ်းမှုကြောင့် တစ်မြို့လုံးနီးပါး ရေမြှုပ်နေပြီး ကုန်း ၃ နေရာသာကျန်

229
Photo-မာဃအသင်း နှင့် CJ

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သံလွင်မြစ်ရေစိုးရိမ်ရေအမှတ်အထက် ၂၁၈ စင်တီမီတာအထိ စံချိန်တင်မြင့် တက်လာနေ၍ မြို့ကုန်းမြင့်ပိုင်း ၃ နေရာသာရေလွတ်ဧရိယာရှိတော့ကြောင်း မြို့ခံကယ်ဆယ်ရေး လုပ်ဆောင် နေသူများက ပြောသည်။

ဖားအံမြို့၏ သံလွင်မြစ် စိုးရိမ်ရေအမှတ်မှာ ၇၅၀ စင်တီမီတာဖြစ်ပြီး ယခု ၉၆၈ စင်တင်မီတာ အထိထပ်တိုး တက်လာ၍ ဆယ်စုနှစ်အတွင်း ရေကြီးရေလွှမ်းမှုအမြင့်ဆုံး စံချိန်ကို ရောက်ရှိနေကြောင်း သိရသည်။

Photo-မာဃအသင်း နှင့် CJ

မြို့ခံကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက “ကုန်မြှုပ်နေပြီ။ အိမ်တွေအလုံးလိုက်မြှုပ်နေပြီ၊ ရေလွတ်သေးတာဆိုလို့ အစိုးရရုံးကုန်း၊ ပြည်ထောင်စုကုန်း၊ ဆေးရုံကုန်းပဲကျန်တော့တယ်။ အဲ့ဒီပတ်ခြာ လည်လမ်းတွေ၊ ရပ်ကွက်တွေဘာမှ သွားမရတော့ဘူး။ ကားတွေတော်တော်များများမြှုပ်နေပြီ။ ရေဘေးစခန်းတွေပါ ပြန်နေရာရွှေ့ရမယ့် သဘောဖြစ်နေတော့ ကူညီမယ့်သူတွေတော်တော်လိုနေတယ် ” ဟု ပြောသည်။

ထိုသို့ ရေကြီး ရေလွှမ်းမှုကြောင့် ဖားအံ မြို့နှင့် အခြားမြို့များဖြစ်သော မော်လမြိုင်၊ လှိုင်းဘွဲ၊ မြိုင်ကလေး၊ အိန္ဒု ကျေးနယ်မြို့ရွာများဘက်သို့ ဆက်သွယ်သွားလာသည့် လမ်းပိုင်းများနှင့် လမ်းတစ်လျှောက်ကျေးရွာပေါင်းတစ်ရာနီးပါးရေးကြီးရေလွှမ်းနစ်မြှုပ်နေပြီး ရေဘေးကူညီ ကယ်ဆယ်ရေးအရေးပေါ် လိုအပ်နေကြောင်း သိရသည်။

Photo-မာဃအသင်း နှင့် CJ

“ အခုက ခါတိုင်းရေတက်နေကြထက် ပိုတက်လာတယ်။ ဒီနှစ်က အခု ၃ ခါမြောက် ပြန်ကြီးနေတာလေ ရေက။ ရွှေဂွန်း၊ မြိုင်ကြီးငူဘက်တွေ အကုန်မြှုပ်၊ လှိုင်းဘွဲ အကုန်မြှုပ်၊ မော်လမြိုင်ဖားအံ (အဖြောင့်လမ်း) အကုန်မြှုပ်ပဲ။ ဘယ်မှသွားလို့လာလို့မရတော့ဘူး၊ လှေပဲရတော့မယ်။ ဖုန်းတိုင်တွေ ပြတ်ပြီဆိုရင်တော့ အကုန် အဆက် အသွယ်ပြတ်ကုန်ရင် ကယ်မရကူမရ ဖြစ်ကုန်တော့မယ် ” ဟု မြိုင်ကလေး လူမှုကယ်ဆယ်ရေးအသင်းတွင် ကူညီလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

လက်ရှိ ဖားအံမြို့အမြင့်ပိုင်းနေရာရှိ ဘုရားကုန်း၊ ရုံးကုန်း နှင့်အရေးပေါ်ကယ်ဆယ်ရေးစခန်း ၊ ကျောင်းခန်းမ၊ အား ကစားရုံနေရာ ပေါင်း ၂၀ ခန့်တွင် ဒေသခံများကို နေရာရွှေ့ပြောင်းရေဘေးကယ်ဆယ်ရေးအစီအစဉ်များကို စစ်ကောင်စီမီးသတ်ဌာန၊ အရပ်ဖက်လူမှုကူညီရေးအသင်း၊ မြို့ခံရပ်ကွက်သား များပူးပေါင်းလုပ်ဆောင်နေကြကြောင်း သိရသည်။