Home သတင်း ဖားအံမြို့ခံလူငယ်တစ်ဦး ပွဲမှအပြန် အုပ်စုဖွဲ့ရိုက်နှက်ခံရပြီး သေဆုံး

ဖားအံမြို့ခံလူငယ်တစ်ဦး ပွဲမှအပြန် အုပ်စုဖွဲ့ရိုက်နှက်ခံရပြီး သေဆုံး

946
အုပ်စုဖွဲ့ရိုက်နှက်ခံရပြီး သေဆုံးခဲ့သည့် လူငယ်နှင့် အရပ်ခေါ် လောင်းဘုံး( စတိတ်ရှိုးပွဲ) Photo: လူမှုကွန်ရက်

စက်တင်ဘာ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖားအံမြို့နယ်၊ ဒုံရင်းကျေးရွာနေ အသက်(၂၀)ဝန်းကျင်အရွယ် လူငယ် တစ်ဦး ပြီးခဲ့သည့် စက်တင်ဘာလ (၃)ရက်နေ့က နယ်ခြားစောင့်တပ်-BGF အဖွဲ့ တာဝန်ရှိသူတစ်ဦး ကျင်းပသည့်ပွဲမှအပြန် အုပ်စုဖွဲ့ရိုက်နှက်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများမှ သိရသည်။

သေဆုံးသူ လူငယ်မှာ ထိုနေ့ နံနက်(၂)နာရီဝန်းကျင်က သာယာကုန်းရွာရှိ BGF ဦးဆောင်ပြုလုပ်သည့် အရပ်အခေါ် လောင်းဘုံး (စတိတ်ရှိုးပွဲ)မှ ပြန်လာစဥ် မြပြည်ရွာအရောက်တွင် စီးလာသော ကားပေါ်မှ ဆွဲချခံရပြီး အုပ်စုဖွဲ့ရိုက်နှက်သဖြင့် သေဆုံးခဲ့ရသည်ဟု ဖားအံမြို့နေအမျိုးသားတစ်ဦးက ပြောသည်။

“အိန္ဒုကွင်းကလူငယ်တွေနဲ့ ဒုံရင်းဘက်ကလူငယ်တွေက ရန်စရှိတယ် လပြည့်နေ့ကတည်းက ၊ ပွဲထဲမှာ ရန်ဖြစ်ပြီး လကွယ်နေ့ကျတော့ ထပ်ဖြစ်တယ်။ ပြီးတော့ သေတဲ့ကောင်လေးအဖွဲ့ပြန်တဲ့အချိန် တစ်ဖွဲ့က မြပြည်မှာ စောင့်နေတာ။ ကားကိုဝိုင်းတား ကားနောက်ခန်းမှာ ပါလာတဲ့နှစ်ယောက်ကို ဆွဲချ တယ်။ ဒါပေမဲ့ နှစ်ယောက်ထဲက တစ်ယောက်က လွတ်သွားတယ်။ ကျန်ခဲ့တဲ့ကောင်လေးကို ဝိုင်းရိုက်ကြတာ။” ဟု ၎င်းဖားအံမြို့ခံအမျိုးသားက ပြောသည်။

အဆိုပါ လူငယ်မှာ ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ရဲဝန်ထမ်းများက ရန်ပွဲအတွင်းပါဝင်သူများအပါအဝင် နီးစပ်သူလူငယ်များကိုပါ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သေဆုံးသူ လူငယ်နှင့်နီးစပ်သူ အမျိုးသားက “ရိုက်ထားတာ ခေါင်းတစ်လုံးက ရစရာမရှိတော့ဘူး။ ဒီနေ့ပဲ အသုဘချတယ်။ တရားခံတွေကလည်း လူငယ်တွေပဲဗျာ။ မနေ့ကမနက်ကလည်း တရားခံထဲ ကတစ်ယောက်ကို သွားထပ်ဖမ်းထားတယ်။ အကုန်လုံး မဲသိမ်ကိုပို့မယ်ကြားတယ်” ဟု ယနေ့တွင် ပြောသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေချိန် ဖားအံမြို့နယ်တွင် BGF အပါအဝင် လက်နက်ကိုင် အချို့ပါဝင်နေသော အာဝါဒေးလောင်းကစားဝိုင်းများနှင့် အရပ်ခေါ် လောင်းဘုံး (စတိတ်ရှိုး)ပွဲများ ဖွင့်လှစ်စည်ကားနေသောကြောင့် လူငယ်များ၏အကျင့်စာရိတ္တကို ပျက်ပြား စေကြောင်း မြို့ခံများက ပြောဆိုကြသည်။

ဇာတ်စင်ပေါ်၌ အဖော်အချွတ်အကများ၊ သရုပ်ပျက်အကများကို အခကြေးငွေပေးပြီး ကခွင့်ရသည့် အစီအစဥ်များပါဝင်နေသော အဆိုပါ လောင်းဘုံးပွဲများသို့ ရောက်ရှိလာသည့်မော်တော်ယာဥ်များထံမှ BGF က ယာဥ်ရပ်နားခကောက်ခံကြောင်းလည်း မြို့နေပြည်သူများက ပြောသည်။

ကေအိုင်စီအနေဖြင့် အဆိုပါပွဲများကို BGF မည်သည့် တပ်ရင်း၊ တပ်ခွဲ တာဝန်ရှိသူက ဦးဆောင်ပြု လုပ်ကြောင်း စုံစမ်းနေသလို အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်စဥ်အတွင်း ကျူးလွန်ခဲ့သူများအား သိရှိနိုင်ရန် ဆက်လက်အတည်ပြုလျက်ရှိသည်။