Home သတင်း ထုံထော်သို့ အင်အားဖြည့်မည့် စစ်ကောင်စီတပ်ကို ငါးမိုင်ရွာ၌ ကြားဖြတ်တိုက်ခိုက်

ထုံထော်သို့ အင်အားဖြည့်မည့် စစ်ကောင်စီတပ်ကို ငါးမိုင်ရွာ၌ ကြားဖြတ်တိုက်ခိုက်

596
Photo: Social Media

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်၊ ထုံထော်သို့ အင်အားဖြည့်မည့် စစ်ကောင်စီတပ်ကို ငါးမိုင်ရွာ၌ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်ဟန့်တားတိုက်ခိုက်လျက်ရှိသည်ဟု ကေအဲန်ယူ-ကရင်အမျိုုးသားအစည်းအရုံး၊ တနင်္သာရီမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထီးဝါးက ပြောသည်။

“လက်ရှိမှာက ထုံထော်ရွာကိုမရောက်ခင်၊ ငါးမိုင်ရွာနဲ့ ခြောက်မိုင်ရွာတွေကို ဖြတ်ရတယ်။ လက်ရှိမှာ သူတို့က ငါးမိုင်ရွာမှာရှိတယ်။ ထုံထော်ဘက်ကို အင်အားဖြည့်ဖို့သူတို့က သွားမှာဖြစ်တယ်။ အဲ့တာကြောင့် သူတို့သွားလို့ မရ အောင် ကြားဖြတ်တိုက်ခိုက်တာတွေ ကိုတော်လှန်ရေးတပ်တွေက လုပ်ဆောင်နေတဲ့အတွက် ငါးမိုင်ရွာကနေပဲ ဆက်ပြီး တက်လို့မရဘူး ဖြစ်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ နှစ်ဘက်စစ်ရေး တင်းမာလျက်ရှိပြီး တစ်ရက်လျှင်တိုက်ပွဲအနည်းဆုံး နှစ်ကြိမ်နှင့် အထက်ဖြစ်ပွားနေသလို စစ်ကောင်စီက စစ်ကားများဖြင့် လူအင်အားနှင့် ရိက္ခာများကို ဆက်တိုက် ဖြည့်တင်းနေသည်ဟု နယ်မြေ ကေအဲန်ယူဘက်က ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်၊ ကျေးရွာများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ စစ်ကြောင်းထိုး ဝင်ရောက်လာမှုတို့ကြောင့် ကျေးရွာ ၁၇ ရွာကျော်မှ အရပ်သားပြည်သူများ မကြာခဏ ထွက်ပြေးတိမ်းရှောင် နေရပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့် တိမ်းရှောင်နေရသည်ဟု စစ်ရှောင်များကို ကူညီနေသူ များထံမှ သိရသည်။

စစ်ရှောင်အကူအညီပေးနေသူတစ်ဦးက “လက်ရှိမှာ စစ်ဘေးရှောင်ဦးရေကတော့ အတိအကျမရှိသေးဘူး။ ဘေးလွတ်ရာကို ပြေးနေရတဲ့အတွက်။ မြို့ပေါ်ကို ပြေးကြတဲ့သူတွေလည်း ရှိတယ်။ ကြားထဲမှာ မုန်တိုင်းကလည်း ရှိနေတဲ့အတွက် ဒေသခံတွေအတွက် နေရာထိုင်ခင်းက တော်တော်လေးကိုကြီးမားတဲ့ လိုအပ်ချက်တစ်ခု ဖြစ်လာတယ်” ဟု ပြောသည်။

တနင်္သာရီ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက စက်တင်ဘာ ၂ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက် လာသည့်အတွက် ဒေသတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် ပြီးခဲ့သည့် တစ်လအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် ‌ပေါက်ကွဲအား ပြင်းထန်သည့် မီးလောင်ဗုံး၊ ကလပ်စတာဗုံးအပြင် ပေါင် ၂၅၀ ဗုံးသီးများကို စတင်အသုံးပြုလာသည့်အတွက် ဒေသခံများ စိုးရိမ်စိတ်မြင့် တက်လျက်ရှိကြောင်း သိရသည်။