စက်တင်ဘာ ၅ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ထုံတော်ရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်း ခွဲကာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒရုန်းအသုံးပြု ဗုံးကြဲမှုများ ပြုလုပ်နေသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၊ တနင်္သာရီမြို့ နယ်တာဝန်ရှိသူက ပြောသည်။
အဆိုပါ ကျေးရွာအတွင်းသို့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၄၃၁ နှင့် ခလရ-၂၈၀ တပ်ရင်းတို့မှ တပ်ဖွဲ့ဝင် များက စက်တင်ဘာ ၂ ရက်နေ့မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု ကေအဲန်ယူ တနင်္သာရီမြို့ နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထီးဝါးက ယခုလို ပြောသည်။
“ပြီးခဲ့တဲ့စက်တင်ဘာလ ၂ ရက်နေ့ကနေစပြီးတော့ ကျေးရွာထဲကိုစစ်ကြောင်း နှစ်ကြောင်းနဲ့ ဝင်လာတယ်။ စစ်ကြောင်း ထိုးနေတဲ့အချိန်မှာ စစ်ကောင်စီကနေပြီးတော့ ဒရူန်းတွေနဲ့လည်း ကျေးရွာထဲကို ဗုံးကြဲတာတွေ လုပ် တယ်။ ပြီးတော့လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာတွေကို လုပ်ဆောင်နေတယ်” ဟု ၎င်းက စက်တင်ဘာ ၃ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းထိုးမှုများကြောင့် ညောင်ပင်ကွင်းရွာအုပ်စုအတွင်းရှိညောင်ပင်ကွင်းရွာ(အရှေ့ကမ်း)၊ ညောင်ပင်ကွင်းရွာ (အနောက်ကမ်း)၊ ကျွဲထိန်းကွင်း နှင့် ထုံတော်ရွာများမှ စစ်ဘေးရှောင်စုစုပေါင်း ၇,၀၀၀ ဦး ကျော်ထိ ရှိနေပြီး စစ်ဘေးရှောင်တချို့ မှာလည်း နီးစပ်ရာမြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိသည်ဟု စစ်ဘေးရှောင်များကို အနီးကပ်ကူညီပေးနေသူများ ပြောသည်။
ထို့အပြင် စက်တင်ဘာ ၄ ရက်နေ့တွင်လည်း အဆိုပါစစ်ကြောင်း နှစ်ကြောင်းနှင့် ဒေသတွင်းအခြေစိုက်၊ ကေအဲန်ယူ တပ်မဟာ-၄ လက်အောက်ခံ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့ များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။