တောင်ငူ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် Future Light ဖောင်ဒေးရှင်း (ပန်းတနော်) ဥက္ကဋ္ဌ စအိုင်ထီးခန့်နှင့် မေးမြန်းခြင်း
“ သူတို့အတွက်က တော်တော်လေးခက်ခဲမယ်လို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ဧရာဝတီတိုင်းတုန်းကလည်း အရင်က ရေဘေးကြီးရင် ဘယ်လိုအခက်အခဲမျိုးဖြစ်ဖြစ်ကျော်လွှား ပြီးသွားလို့ ရတယ်။” Future Light ဖောင်ဒေးရှင်း (ပန်းတနော်) ဥက္ကဋ္ဌ စအိုင်ထီးခန့်
တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေးကြီးမှုကြောင့် စက်တင်ဘာလအစောပိုင်းတွင် မြို့နယ်အတွင်းရှိ တောင်ငူမြို့အပါအဝင် စစ်တောင်းမြစ်အနီး ကျေးရွာအများစုတွင် ဒေသခံသောင်းနှင့်ချီ၍ ရေဘေးဒုက္ခ ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ သွားရောက် ကူညီကယ်ဆယ် လှူဒါန်းမှုများ ပြုလုပ်ရာတွင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အခြေစိုက် Future Light ဖောင်ဒေးရှင်းအဖွဲ့လည်း အပါအဝင်ဖြစ်သည်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ ကြုံခဲ့ရသည့် အခြေအနေနဲ့ပတ်သက်ပြီး ၎င်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ စအိုင်ထီးခန့် ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး- တောင်ငူဘက်ကို ရေဘေးသွားကူညီဖို့ စီစဉ်ဖြစ်ပုံကို ပြောပေးပါအုံး။
တောင်ငူကို ရေဘေးသွားကူညီဖို့စီစဉ်ဖြစ်ပုံက ကျနော်တို့ပြောရမယ်ဆိုရင် ဘယ်နေရာဖြစ်ဖြစ် တောင်ငူ ထန်းတပင်မှ မဟုတ်ဘူး။ ကြိုက်တဲ့နေရာအကုန် ကျနော်တို့သွားလှူနေကြတယ်။ ဒါကြောင့်မို့လို့ ဖြစ်ပုံကတော့ ဒီလိုပဲ တောင်ငူကို ထွက်လာပြီးတော့ ထန်းတပင်ဟိုးဖက်က စစ်တောင်းမြစ်ဖက်ခြမ်းမှာ လိုအပ်လို့ဆိုပြီး ကျနော်တို့ သွာလှူဖြစ်တာပါ။
မေး- အဲ့ဒီမှာ ရေဘေးသင့်ပြည်သူတွေ အဓိက ဘာတွေလိုအပ်နေတာလဲဆိုတာကို တွေ့ခဲ့ရလဲ။
ရေဘေးသင့်ပြည်သူတွေ အဓိက ဘာလိုလဲဆိုတော့ စားသောက်ကုန် ပစ္စည်း၊ ရိက္ခာတွေနှင့် ဆေးဝါးတွေ လိုအပ်တယ်။ နောက်ပြီးတော့ ကျနော်တို့ကလည်း တော်ရုံသွားလှူဖို့ကလည်း သူတို့(စကစ)ခွင့်မပြု တာလည်း ကြုံနေရတယ်။ စစ်တောင်းမြစ်ကိုဖြတ်ပြီးတော့ သွားမယ့်အချိန်မှာ ဒါဘယ်တွေကို သွားပို့တာလဲ၊ ဘယ်ကို သွားလှူတာလဲ အနည်းအကျဉ်းကိုပဲ နားလည်မှုနဲ့ပဲယူသွားရတယ်။ လိုသလောက် သွားပြီးတော့ လှူလို့မရတဲ့ အနေ အထားဖြစ်နေတယ်။
မေး- အဲ့လို သွားရောက်ကူညီကယ်ဆယ်တဲ့နေရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ ရှိရင်လည်း ပြောပြပါအုံး။
လမ်းတွေအကုန်လုံးက ကွန်ကရစ်လမ်းတွေ တာလမ်းကျိုးပဲ့ နေတာဖြစ်တဲ့အတွက် ကားတွေမသွားနိုင်ဘူး။ စက်လှေတွေလည်း မပေါက်နိုင်ဘူးဆိုရင်တော့ တော်တော်တော့ခက်ခဲမယ်။ သူတို့က ချောင်းမဟုတ်ဘူး။ အဲ့ဒီစစ်တောင်းမြစ်ကနေ မြစ်တစ်ခုပဲရှိတယ်။ ကျန်တဲ့နေရာက မြစ်လက်တက် အသေးလေးတွေပဲရှိတယ်။ အဲ့တာတောင်မှ ရေလျှံပြီးတော့ ပင်လယ်ကြီးပုံစံမျိုးပဲ။ စပါးခင်းတွေမှာ ဖြတ်သွားရတယ်။ အဲ့ဒီအထိ ကျနော်တို့မရောက်နိုင်တဲ့အထိကို သွာတဲ့အချိန်မှာတော့ စက်လှေကို သယ်လိုက် ချလိုက်သွားရတယ်။ သောင်တင်မှာစိုးလို့ ကျနော်တို့လည်း အမြန်ပြန် ပြေး လာခဲ့ရတယ်။ သောင်တင်မယ်ဆိုရင် လချီကြာပြီး ပိတ်မိသွားမယ်။ ဒါက သွားကယ်သူရဲ့ အခက်အခဲတွေဖြစ်ပါတယ်။
မေး- Future Light ဖောင်ဒေးရှင်းအဖွဲ့အနေနဲ့ သွားပြီး ထပ်ကူညီဖို့ရှိသေးလား။
အခုက Follow up လုပ်ရုံပဲ ကျန်တယ်လို့ ကျနော်ကအဲ့လိုပဲ ပြောချင်တယ်။ အခုက ပြန်လည် ထူထောင်ရေး နဲ့ ပတ်သက်ပြီးတော့မှ တစ်ကြောင်းလုပ်စရာရှိတယ်။ နောက်တစ်ကြောင်းက အခု ရေဘေးရှောင် စခန်းမှာ ရောက်နေတဲ့ ဒုက္ခသည်တွေကို ပံ့ပိုးဖို့ အဲ့နှစ်ခု။ ကယ်ထုတ်တဲ့ အပိုင်းကတော့ ပြီးသွားပြီး။ ပြီးသွားရင် သူတို့ စားဖို့အရေးပြီးရင် သူတို့ ပြန်လည်ထူထောင်ရေး။ ရေတွင်းတွေ ရေစုပ် တာတို့ ဆေးခတ်တာတို့၊ နောက်ပြီးတော့မှ အိမ်ပြိုပျက်သွားတဲ့ အိမ်လေးတွေ ပြန်ဆောက်ကူတာတို့ ဒီလောက်ဆိုရင်တော့ အခြေအနေ အကဲခတ်မိပြီးထင်တယ်။
မေး-သွားရောက်လှူဒါန်းမှုနဲ့ပတ်သက်ပြီး နောက်ထပ် ဘာများဖြည့်စွက်ပြောဆိုချင်တာမျိုးရှိလဲ။
လက်ရှိမှာတော့ အဲ့ဒီဒေသခံတွေ လိုအပ်နေတာ ဆေးဝါးတွေ လိုအပ်နေတယ်။ ကျန်းမာရေး မကောင်းတဲ့လူတွေ ဆေးကုသဖို့အတွက် အဆင်မပြေတာလေးတွေရှိတယ်။ စာသောက်ဖို့အတွက်ကျတော့ အဓိကပေါ့။ ကျန်းမာရေးနဲ့စားဝတ်နေရေး အဓိကပဲ ကျန်တာတွေကတော့ သိပ်ထွေထွေထူးထူးမလိုပါဘူး။ ကယ်ဆယ်ရေးတွေ မရောက်နိုင်တဲ့ နေရာတွေလည်း လှူပေးနိုင်တဲ့ လူတွေလည်း ပေါ်ပါစေ။ နောက်ပြီးတော့ သူတို့အတွက်က တော်တော်လေးခက်ခဲမယ်လို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ဧရာဝတီတိုင်းကလည်း အရင်က ရေဘေးကြီးရင် ဘယ်လိုအခက်အခဲမျိုးဖြစ်ဖြစ်ကျော်လွှား ပြီးသွားလို့ရတယ်။ အခုက ဒီဖက်မှာကျတော့ လမ်းကြောင်းတွေ တော်တော်ခက်ခဲဖြစ်နေတယ်။ နယ် နိမိတ် အကန့်အသတ်တွေရှိတဲ့အတွက် သွားလှူဖို့တောင်မှ အဆင်မပြေနိုင်တဲ့အနေအထားရှိပါတယ်။