Home သတင်း တောင်ငူလိပ်သိုဒေသတွင် ‌ရေကြီး၊ မြေပြိုမှုကြောင့် မိသားစုလိုက် သေဆုံး

တောင်ငူလိပ်သိုဒေသတွင် ‌ရေကြီး၊ မြေပြိုမှုကြောင့် မိသားစုလိုက် သေဆုံး

185
Photo: CJ

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၊ မိုင်းလွန်တိုက်နယ်အတွင်း မိုးရွာသွန်းမှုများပြီး မြေတိုက်စားမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့က မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ ‌ဒေသခံ မိသားစုဝင် (၄) ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မြေပြိုကျမှုကြောင့် မိုင်းလွန်‌တိုက်နယ် လေလော်ဒေးရွာအနီး တစ်အိမ်တည်းအတူနေ မိသားစု ဝင်များဖြစ်သော အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး အပါအဝင် အသက်မပြည့်သေးသည့် ကလေးငယ် (၂) ဦး ‌ စုစုပေါင်း မိသားစုဝင် (၄) ဦး အသက်သေဆုံးခဲ့ရသည်ဟု သံတောင်ကြီးမြို့နယ်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့မိသားစုက လေလော်ဒေးနားက ခြံမှာနေတာ မြေပြို၊ ကမ်းပါးပြိုလို့ ဆုံးသွားကြတာ တစ်မိ သားစုလုံးပဲ။ လိပ်သိုလမ်းဘက်က မြေတွေအရမ်းပြိုတယ်။ ချောင်းရေတွေကျလို့ တောင်ပေါ်ကမ်းပါးတွေရော ကွမ်းခြံတွေရောပဲ” ဟု ၎င်းအမျိုသမီးက ပြောသည်။

တောင်ကျချောင်းရေ စီးဆင်းမှုကြမ်းတမ်းပြီး မြေပြိုမှုများအတွင်း သေဆုံးသူများအပြင် ရေစီးနှင့်တကွ မျှောပါပျောက်ဆုံးနေသည့် ဒေသခံအချို့လည်းရှိနေသေးသလို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံတောင်ကြီးမြို့နယ်မြောက်ပိုင်းရှိ ရွာချင်းဆက်လမ်းပိုင်းတချို့ ပျက်စီးခြင်း၊ တံတားကျိုးကျခြင်းများ ရှိနေ၍ တောင်ငူ-လိပ်သို-သံတောင်ကြီး လမ်းပိုင်း ပိတ်ဆို့မှုရှိကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

Photo: CJ

လိပ်သိုဒေသခံ အမျိုးသားတစ်ဦးက “ လိပ်သိုလမ်းဘက်ကတော့ တောင်ကမ်းပါးတွေ များတော့ မြေတွေ တော်တော်ပြိုတယ်။ တံတားကျိုးတဲ့နေရာတွေလည်း ရှိတယ်။ မိုးက(၃)ရက် ဆက်တိုက်ရွာတော့ မြေတွေ ကမ်းပါးတွေ ပြိုတာ တော်တော်ဖြစ်တယ်။” ‌‌၎င်းက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၂) ရက်နေ့ကလည်း ရာဂီမုန်တိုင်း အရှိန်ကြောင့် တောင်ကျချောင်းရေ အရှိန်အဟုန်ဖြင့်စီးဆင်းသည့်အတွက် တောင်ငူ-လိပ်သို-ယာဒို လမ်းမပေါ်ရှိ ယာဒိုစစ်ဘေးရှောင် စခန်းနေ စစ်ဘေးရှောင်ပြည်သူများ ရွှေ့ပြောင်းရသည့်အပြင် တချို့စစ်ရှောင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်တဲ(၁၀) လုံးခန့်မှာလည်း ရေထဲမျှောပါပျက်စီးခဲ့ရသည်။

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ရေမှာ လက်ရှိအချိန်ထိ ဆက်လက်မြင့်တက်နေမှုကြောင့် သံတောင် မြောက်ပိုင်းဒေသအပါအဝင် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ် အနိမ့်ပိုင်းဒေသမှကျေးရွာများ ရေဖုံးလွှမ်းနေပြီး ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့များ၏အကူအညီဖြင့်သာ ကယ်ဆယ်ရေးဆောင်ရွက်ပေးနေရသည်ဟု သိရသည်။